မြိတ် ၁၄ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်ပိုက်ပိုက်အေး နှင့် တိုင်းဒေသကြီး တရား ရေးဦးစီးမှူး ဒေါ်အေးအေးသန်း၊ မြိတ်ခရိုင်တရားသူကြီးနှင့် တာဝန်ရှိသူများမှ မြိတ် အကျဉ်းထောင်နှင့် ရဲစခန်း အချုပ်ရှိ အကျဉ်းသားများနှင့် အချုပ်သားများအား ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိခံစား နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးနှင့် တာဝန်ရှိသူများသည် မြိတ်မြို့မ ရဲတပ်ဖွဲ့ စခန်းရှိ အချုပ်ခန်းအား ကြည့်ရှုစစ်ဆေးပြီး အချုပ်သားများအားတွေ့ဆုံ၍ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိခံစားနိုင်ခြင်းရှိမရှိ မေးမြန်းစစ်ဆေးခဲ့ကြသည်။
ထိုနောက် မြိတ်အကျဉ်းထောင်အား သွားရောက်စစ်ဆေးရာ အကျဉ်းဦးစီးဌာန ရှင်းလင်းဆောင်တွင် မြိတ်အကျဉ်းထောင် တာဝန်ခံအရာရှိ ဦးစောမိုးရွှေက အကျဉ်းထောင် ဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြခဲ့သည်။
ဆက်လက်၍ မြိတ်အကျဉ်းထောင်ရှိ် အကျဉ်းသားများနှင့် အချုပ်သားများအား တွေ့ဆုံ၍ ဥပဒေနှင့် အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ရရှိခံစားနိုင်ခြင်းရှိမရှိ၊ သောက်သုံးရေဖူလုံစွာ ရရှိမှုရှိမရှိ၊ အစားအစာ မျှတ စွာရရှိမှုရှိမရှိ၊ ကျန်းမာရေး စောင့်ရှောက်ပေးမှုရှိမရှိတို့ကို မေးမြန်း စစ်ဆေးခဲ့ကြပြီး အကျဉ်းထောင် တာဝန်ရှိသူ များအား လိုအပ်သည်များကို မှာကြားခဲ့သည်။
အလားတူ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးနှင့်တာဝန်ရှိသူများသည် မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့မရဲတပ်ဖွဲ့ စခန်းအချုပ်ခန်းကို နိုဝင်ဘာလ(၁၃)ရက်က စစ်ဆေး ခဲ့ကြပြီး ကျွန်းစုမြို့မရဲတပ်ဖွဲ့စခန်းရှိ အချုပ်ခန်းနှင့် တနင်္သာရီမြို့နယ်ရှိ အကျဉ်းဦးစီးဌာန ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း တို့ကို ဆက်လက်သွားရောက် စစ်ဆေးကြမည် ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


