ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံမှ ပြည်တွင်း မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုများကို လက်ခံဖြေကြားခဲ့သည်။ ထိုသို့ ပြည်တွင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတက ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည် -
Eleven Media Group အယ်ဒီတာချုပ် ဦးကျော်ဇောလင်း။ သမ္မတကြီးတို့ သမ္မတအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်တဲ့ ရက် ၁၀၀ မပြည့်မီ မှာ အိန္ဒိယ၊ အခု တရုတ် နိုင်ငံကြီးနှစ်နိုင်ငံက ခေါင်းဆောင်တွေနဲ့ သမ္မတကြီးတွေ့ခွင့်ရတယ်။ ပြီးတော့ ဒါမတိုင်ခင်လည်း နိုင်ငံငါးနိုင်ငံက နိုင်ငံခြား ရေးဝန်ကြီးတွေက နေပြည်တော်မှာ သမ္မတကြီးကို လာရောက်တွေ့ဆုံကြတယ်။ သိထားတဲ့အချက် အလက်တွေအရလည်း နိုင်ငံခြားရေးဝန်ကြီးတွေ၊ အခြားသံတမန်တွေက သမ္မတကြီးကိုတွေ့ဆုံဖို့ ရှိနေတာတွေ ထပ်ပြီးရှိတယ်။ အဲဒီတော့ ပြီးခဲ့တဲ့ငါးနှစ်တာ သံတမန်ရေးဆိုင်ရာ အထီးကျန်မှုကနေ အခုလို ပြောင်းလဲလာတဲ့အနေအထားက မြန်မာနိုင်ငံအတွက် မြန်မာပြည်သူတွေအတွက် ဘယ်လို အပေါင်းလက္ခဏာဆောင်တဲ့အရာတွေ ဖြစ်မယ် ထင်ပါသလဲခင်ဗျ။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်။ နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံရေးကတော့ သက်ဆိုင်ရာနိုင်ငံ တွေအတွက် အရေးပါတဲ့ကဏ္ဍမှာရှိတယ်။ သံတမန် ဆက်ဆံရေးပါ။ ခေါင်းဆောင်တွေရဲ့ဆက်ဆံရေး ရှိမယ်၊ ပြီးတော့ အစိုးရချင်းဆက်ဆံရေးရှိမယ်၊ သံတမန်ရေးရာဆက်ဆံမှုရှိမယ်၊ စီးပွားရေးအရ ဆက်ဆံမှုတွေရှိမယ်၊ ကဏ္ဍပေါင်းစုံရှိတယ်။ ခုနကခင်ဗျားမေးတဲ့ ငါးနှစ်တာကာလအတွင်းမှာ အထီးကျန်ခဲ့တယ်။ တကယ်တော့ ကျွန်တော်တို့က ကြိုးစားပါတယ်။ တကယ်တော့ နိုင်ငံရေးအရ လုပ်တာပါ။ ကျွန်တော်တို့က ကျွန်တော်တို့လက်ခံကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ကို ခိုင်ခိုင်မာမာ ကျင့်သုံးမယ်ဆိုပြီး ဆုံးဖြတ်ပြီးလုပ်လာခဲ့တာပါ။ အဲဒီနိုင်ငံရေးစနစ်ကို ကောင်းကောင်းမွန်မွန် လုပ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒီလိုအခြေအနေတွေ ဖြစ်လာခဲ့တာပါ။ ကျွန်တော်တို့ အခုရအောင် ပြောင်းလဲခဲ့ပြီ။ ကျွန်တော်တို့ ဒီဟာကို ခိုင်ခိုင်မာမာဖြစ်အောင် လုပ်သွားမယ်။ အဲဒါဆိုရင် နိုင်ငံတကာဆက်ဆံရေးမှာ မြန်မာနိုင်ငံရဲ့ပါဝင်မှုဟာ မူလအခြေအနေထက် ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ကျွန်တော်ယူဆတယ်။ ခင်ဗျားခုနကမေးလိုက်တဲ့ အခြားနိုင်ငံတွေလည်း လာကြလိမ့်မယ်ဆိုတာ မှန်ပါတယ်။ လာကြဖို့လည်း ကမ်းလှမ်းထားတာရှိသလို ကျွန်တော့်ကိုလည်း လာဖို့ဖိတ်ထားတဲ့နိုင်ငံတွေလည်းရှိတယ်။ ထို့အတူပဲ နိုင်ငံခြားရေးဝန်ကြီးတို့၊ သက်ဆိုင်ရာ Counter Part ဝန်ကြီးတွေ၊ ဝန်ကြီးဌာနဝန်ကြီးတွေ အတူတူပဲဖြစ်ကြတယ်။ နောက်တစ်ခါ အဖွဲ့အစည်းတွေ လူငယ်တွေကစပြီးတော့ ကျန်တဲ့ Institution တွေနဲ့ အမျိုးစုံပဲ ဖိတ်ကြတယ်။ ကျွန်တော်တို့ဆီလည်း လာကြတယ်။ ဒါက ဘာလဲဆိုတော့ တိုင်းပြည်အတွက် အခွင့်အလမ်းတွေချည်းပဲဖြစ်မယ်။ ဒါကို ကျွန်တော်တို့က ကောင်းကောင်းအသုံးချရမယ်၊ မှန်မှန်ကန်ကန်လည်း အသုံးချဖို့လိုတယ်။ အဲဒီအပေါ် မှာ ရိုးရိုးသားသားလည်း အသုံးချဖို့လိုတယ်။ အမြတ်ထုတ်ဖို့တော့ သွားလုပ်လို့မရဘူး။ အမြတ် ထုတ်မယ့် ရည်ရွယ်ချက်ရှိရင် ဘယ်တော့မှမခိုင်မာဘူး။ ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန် လုပ်မယ်ဆိုရင် ခိုင်ခိုင်မာမာဖြစ်မယ်။ အခုကျွန်တော်တို့သွားတဲ့ နိုင်ငံရေးစနစ်ရော၊ စီးပွားရေးစနစ်ရော တကယ် ရိုးရိုးသားသားနဲ့ တိုင်းပြည်ကောင်းအောင်လုပ်ဖို့ ရည်ရွယ်ချက်နဲ့လုပ်တာပါ။ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း တကယ်ရိုးရိုးသားသားနဲ့ ဆက်ဆံတယ်။ ကျွန်တော်တို့က နိုင်ငံအားလုံးနဲ့ နိုင်ငံရေးမှာ လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးတယ်။ ဒါကတကယ့် အခိုင်မာ ဆုံးပဲ။ နောက်တစ်ခါ အိန္ဒိယနဲ့ တရုတ်ဆိုလို့ရှိရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်နဲ့ ကျွန်တော်တို့ ထိတွေ့ဆက်ဆံထားတဲ့ နိုင်ငံတွေဖြစ်တယ်။ ဒါကြောင့် ဒီအပေါ်မှာအခြေခံပြီး လုပ်မယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ အင်မတန်ကောင်းတယ် လို့ ကျွန်တော်ပြောချင်တယ်။
မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) ။ တရုတ်နိုင်ငံရဲ့ Belt and Road Initiative နဲ့ မြန်မာနိုင်ငံရဲ့ ဒေသတွင်းချိတ်ဆက်မှု အလားအလာတွေကို ပေါင်းစပ် ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ တရုတ်၊ အာဆီယံနဲ့ အိန္ဒိယသမုဒ္ဒရာ ချိတ်ဆက်ပေးတဲ့ မဟာဗျူဟာမြောက် Land Bridge ကျွန်တော်တို့ ကုန်းတွင်းတံတား နိုင်ငံအဖြစ်နဲ့ ရှိမယ်လို့လည်း ပြောကြပါတယ်။ အဲဒီတော့ ကုန်းတွင်း Land Bridge နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို သမ္မတကြီး အနေနဲ့ ပိုမိုဆောင်ရွက်သွားဖို့အစီအစဉ်များ ရှိပါသလားခင်ဗျား။
နိုင်ငံတော်သမ္မတ။ တကယ်တော့ မြန်မာနိုင်ငံက ခုန Land Bridge နိုင်ငံတင်မဟုတ်ဘူး။ တကယ့် ဆုံချက်နိုင်ငံဖြစ်နေတာပါ။ ဆုံချက်ဆိုတာမှာ တော်တော်ကိုကြီးမားတဲ့ Impact ရှိပါတယ်။ ဥပမာ အားဖြင့် အိန္ဒိယသမုဒ္ဒရာဘက် သွားမယ်ဆိုရင်လည်း အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အနောက်ဘက်က နိုင်ငံတွေ၊ အခုဆိုရင် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် လမ်းစတွေ ပေါ်လာပြီဆိုတော့ အဲဒီအခွင့်အလမ်းတွေအများကြီးကို ကျွန်တော်တို့ အသုံးချလို့ရပါတယ်။ ဒါကတစ်ခု၊ တရုတ်နိုင်ငံ အတွက်ပါ။ နောက်တစ်ခါ အိန္ဒိယနိုင်ငံဘက်က ပြန်ကြည့်ရင် အိန္ဒိယကလည်း သူတို့ဘက်က အခြေအနေပေးရင် တရုတ်ဘက်ဆက်သွယ်မှု၊ သူတို့လည်း သူတို့နယ်နိမိတ် ချိတ်ဆက်နေတဲ့ အပိုင်းတွေရှိတယ်။ သို့သော် ကျွန်တော်တို့နိုင်ငံတွေ တရုတ်နိုင်ငံဘက် သွားမယ် ဆိုရင် competition လုပ်လို့ရတဲ့ နယ်ပယ်တွေမှာ သူတို့လုပ်ခွင့်ရှိမှာပါ။ ဒီလိုပဲ အာဆီယံ နိုင်ငံဆိုလည်း သူတို့သွားလို့ရမယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံတင်မကဘူး။ တခြားနိုင်ငံတွေကလည်း မြန်မာနိုင်ငံကို အခြေပြုပြီးတော့ အိန္ဒိယနိုင်ငံသွားမလား၊ တရုတ်နိုင်ငံသွားမလား၊ အာဆီယံသွားမလား။ ဒါကို ကျွန်တော်တို့က အသုံးချနိုင်ဖို့လိုတယ်။ အဲဒီလို အသုံးချနိုင်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းရေးက အရေးကြီးတယ်။ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေး တည်ငြိမ်အေးချမ်းမှု၊ ပြည်သူလူထုရဲ့ ဘဝတွေ တည်ငြိမ်အေးချမ်းမှု၊ ဘဝတည်ငြိမ်အေးချမ်းမှုရှိဖို့လိုတယ်။ နိုင်ငံရေးကတစ်ပိုင်း၊ ပြည်သူ လူထုရဲ့ဘဝက တစ်ပိုင်း၊ မတူဘူး၊ ကွဲပြားခြားနားပါတယ်။ ဒီလိုသာ လုပ်မယ်ဆိုရင်၊ အသုံးချ နိုင်မယ်ဆိုရင် တိုင်းပြည်က အခြေအနေကောင်းတွေ အများကြီးရှိတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
ဦးကျော်ဇောလင်း။ သမ္မတကြီး ဒီကာလအတွင်းမှာ တွေ့ဆုံခဲ့တဲ့ နိုင်ငံကြီးနှစ်နိုင်ငံ တရုတ်ရယ်၊ အိန္ဒိယရယ်ပါ၊ သူတို့ရဲ့ purchasing power parity အရ ကျွန်တော်တို့ တရုတ်ဆိုရင် အဆင့် ကမ္ဘာ့အဆင့်တစ်၊ အိန္ဒိယဆို အဆင့်သုံးရှိပါတယ်။ သူတို့ရဲ့ဝယ်ယူနိုင်စွမ်း အားကောင်းတဲ့ နိုင်ငံတွေ၊ အိန္ဒိယဆိုရင် အိန္ဒိယ-မြန်မာ-ထိုင်း လမ်းကြောင်းကို သူတို့ကအဓိကထားတယ်။ တရုတ်ဆိုရင် BRI ပါ။ အဲဒီတော့ ဒီလမ်းတွေ အမြန်ဆုံးဖြစ်လာဖို့ သမ္မတကြီးအနေနဲ့ ဘယ်လိုအစီအစဉ်ရှိပါသလဲ။ ဒါနဲ့ဆက်စပ်ပြီးတော့ သမ္မတကြီး ရှီကျင့်ဖျင်နဲ့ တွေ့တဲ့အချိန်၊ မိုဒီနဲ့တွေ့တဲ့အချိန်မှာ ကျွန်တော်တို့ ဒီစီမံကိန်းကြီးတွေနဲ့ လုံခြုံရေး ကိုအလေးထားဖို့ အိန္ဒိယရော တရုတ်ရောပြောတာကို တွေ့ရပါတယ်။ အဲဒီတော့ သမ္မတကြီးတို့ အစိုးရသစ်အနေနဲ့ ဒီလုံခြုံရေးပိုင်းဆိုင်ရာကို ဘယ်လိုကိုင်တွယ် ဖြေရှင်းဖို့ ရှိပါသလဲ။
နိုင်ငံတော်သမ္မတ။ လုံခြုံရေးပိုင်းဆိုင်ရာ ကိုင်တွယ်မှုဆိုတာမှာ တရားဥပဒေစိုးမိုးရေးရှိရမှာပါ။ တရား ဥပဒေစိုးမိုးရေးရှိရင် လုံခြုံရေးဆိုတာ သူ့ဟာသူဖြစ်လာမှာပါ။ တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးနဲ့ ဆက်စပ်သလိုပဲ တစ်ဖက်ကနိုင်ငံရေးကလည်း တည်ငြိမ်အေးချမ်းမှု ရှိရတယ်။ နိုင်ငံရေးလမ်းကြောင်း မှန်ကန်လို့ရှိရင် တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးက သူ့ဟာသူ အလိုလို ပါလာလိမ့်မယ်။ နိုင်ငံရေး တည်ငြိမ်အေးချမ်းမှုမရှိလို့ရှိရင်၊ မမျှတဘူးဖြစ်နေပြီဆိုရင် တည်ငြိမ် အေးချမ်းမှုက ပြဿနာရှိမယ်။ ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းပြန်ကြည့်ပါ။ နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ ပြဿနာတွေရှိတယ်။ ထွက်ပေါက်တွေပါ။ ကျွန်တော်တို့ အခုက ပါတီစုံဒီမိုကရေစီသွားနေတဲ့အချိန်ပါ။ ကျွန်တော်တို့ ဒါကိုမှန်မှန်ကန်ကန်အသုံးချပြီး လုပ်မယ်ဆိုရင် စောစောကပြောတဲ့ အင်အားကြီး နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အခွင့်အလမ်းတွေက မြန်မာနိုင်ငံကနေ Cross-border တွေပါ။ ကျွန်တော်တို့ ခုနကပြောတဲ့သုံးနိုင်ငံ အိန္ဒိယကနေ မြန်မာ၊ မြန်မာကနေ ထိုင်း၊ အဲဒါတင်မကဘူး။ အိန္ဒိယ ကနေပြီးတော့ တရုတ်ကိုသွားလို့ရတယ်၊ တရုတ်ကလည်း ဒီလိုပဲ၊ ကျွန်တော်တို့ဆီကလာမယ်၊ ကျွန်တော် တို့ဆီကနေ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အာဆီယံသွားမယ်။ ပြီးတော့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် ကနေပြီးတော့ အနောက်ဘက်ကနိုင်ငံတွေ အကုန်လုံးသွားလို့ရတယ်။ နည်းတဲ့ ကြီးမားတဲ့အခွင့်အရေး မဟုတ်ဘူး။ နှစ်နိုင်ငံပဲကြည့်လိုက်ရင် လူဦးရေ သန်းပေါင်း ၁၂၀၀ ကျော်ရှိတဲ့ ဈေးကွက်ကြီးပါ။ သူတို့အတွက်က မြန်မာနိုင်ငံက ဈေးကွက်သေးပါတယ်။ သို့သော် မြန်မာ နိုင်ငံကတော့ တကယ့်ကြီးမားတဲ့ ဈေးကွက်ကြီးပါ။ ပြောရရင်တော့ ရေကန်နဲ့သမုဒ္ဒရာ ကွာသလို ကွာခြားမှုရှိတယ်။ ကျွန်တော်တို့က အသုံးချနိုင်ဖို့လိုတယ်။ ခုနကပြောတဲ့ တည်ငြိမ်အေးချမ်းမှုက ဘာအထောက်အကူရမလဲ၊ တည်ငြိမ်အေးချမ်းမှုရှိမှ အထောက်အကူရမှာပါ။ တည်ငြိမ်အေးချမ်းမှု မရှိရင် အထောက်အကူမရဘူး။ အဲဒီတော့ တည်ငြိမ်အေးချမ်းမှုရှိဖို့ဆိုရင် နိုင်ငံရေးက အရေးကြီးဆုံးပဲ။ နိုင်ငံရေးကို ကျွန်တော်တို့က တကယ်ခိုင်မာအောင် လုပ်ဖို့လိုတယ်။ ဒါကိုယုံကြည်မှုရှိရှိနဲ့ ပူးပေါင်း ဆောင်ရွက်မှု ရှိဖို့လိုတယ်။ ဒါပေမဲ့နိုင်ငံရေးကို ဘယ်လောက်ပဲ ကျွန်တော်တို့က ယုံကြည်မှုရှိအောင် လုပ်ပေးပေး၊ ပြည်သူလူထုရဲ့ Concept လည်းလိုတယ်။ သူတို့ရဲ့အတွေးအခေါ်တွေ လိုက်ပါနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်ပေးရမှာပါ။ ဒါက ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေ အများကြီးရှိတယ်။ ဒါကတစ်နှစ်၊ နှစ်နှစ်နဲ့မရောက်ဘူး။ လေး၊ ငါးနှစ်နဲ့လည်းမရောက်ဘူး။ ၁၀ နှစ်လောက်၊ ၁၅ နှစ်လောက် ကျွန်တော်တို့ကြိုးစားရမယ်။ အရေးကြီးတာကတော့ တိုင်းပြည်ပေါ်မှာ ကောင်းစေချင်တဲ့ စိတ်ရှိတယ်ဆိုတဲ့ နိုင်ငံသားတွေရဲ့ စိတ်ဓာတ်ပဲ။ တိုင်းပြည်ကိုကောင်းအောင်လုပ်မယ်ဆိုတဲ့ နိုင်ငံသားတိုင်း၊ ပြည်သူလူထုအားလုံးပါတယ်။ ဟိုတစ်ကွက် ဒီတစ်ကွက်၊ ဟိုလူချန်ခဲ့ ဒီလူချန်ခဲ့ လုပ်လို့မရဘူး။ အကုန်လုံးပါရမယ်။ တစ်ခုခုပြဿနာရှိရင်၊ ခံစားချက်ရှိရင် သူတို့က ပြဿနာ ရှာနေမှာပါပဲ။ ပြဿနာရှာလို့ အခုလို နိုင်ငံရေး မတည်မငြိမ်မှုတွေဖြစ်တာပါ။ ပြဿနာမရှာအောင် လုပ်ဖို့ဆိုတာ ဥပဒေနဲ့ စည်းကမ်းနဲ့အညီပဲ သွားလို့ ရတယ်။ လူဆိုတာ မျိုးစုံဆန္ဒရှိမယ်၊ မတူနိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့က စည်းမျဉ်းစည်းကမ်း ဥပဒေနဲ့ပဲသွားရမယ်။ ဥပဒေနဲ့လုပ်ရာမှာလဲ တောင့်တောင့်တင်းတင်းကြီး လုပ်ဖို့မဟုတ်ဘူး။ Relax ဖြစ်ရမှာပါ။ ဒါကို ကျွန်တော်တို့က ပြည်သူတွေ စိတ်ချမ်းသာအောင်လုပ်ပေးရမယ်။ ပြောရမယ်ဆိုရင် ဒါကအဖြေပဲ။ ပြည်သူစိတ်ချမ်းသာအောင် လုပ်ပေးရမယ်။
ဦးကိုကို။ ကျွန်တော်တို့ ဒီနေ့ကမ္ဘာ့အခြေအနေကို ကြည့်မယ်ဆိုရင် Multipolar world လို့ခေါ်တဲ့ ဝင်ရိုးစွန်း ဝင်ရိုးစွန်းအပွားအစုံများ ပိုမိုပြီးတော့ ပေါ်လွင်လာတာတွေ့ရပါတယ်။ အဲဒီ Multipolar world ကြောင့်လည်း နိုင်ငံငယ်လေးတွေက မိတ်ဖက် ဆက်ဆံရေးတွေ အခြားနိုင်ငံတွေနဲ့ ပိုပြီးတိုးမြှင့်ဆောင် ရွက်နိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ သမ္မတကြီးဆီကနေ သိချင်တာကတော့ မြန်မာနိုင်ငံအနေနဲ့ အခုလို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးလာတယ်။ နှစ်နိုင်ငံရဲ့ဆက်ဆံရေး ကလည်း တိုးမြင့်လာတယ်၊ မြှင့်တင်လာတယ်။ အဲဒီ ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေးကို အခြေခံပြီးတော့ ဒီထွန်းသစ်စပြုလာတဲ့ ကျွန်တော်တို့ Multipolar world အစီအစဉ်မှာ အခွင့်အလမ်းတွေ ဘယ်လိုမျိုး ယူရနိုင်မလဲခင်ဗျာ။
နိုင်ငံတော်သမ္မတ။ အများကြီးရှိတယ်။ ကမ္ဘာ့နိုင်ငံ တွေကြည့်လိုက်ပါ၊ အကုန်လုံးကတော့ သူတို့က လိုလားချက် အကုန်ရှိကြတာချည်းပဲ။ အရင်ကတော့ Unipolar ၊ Bipolar ဒီလို သွားကြတာကိုး။ Unipolar နဲ့ ဖြစ်ကြတယ်။ Unipolar မှာလည်း ခံရတယ်၊ Bipolar မှာလည်း ပြိုင်ဘက်တွေရှိတော့ ပိုပြီးတော့ ပါလာတယ်၊ ဒီပြဿနာရှိတယ်။ Multipolar ဆိုတာ ကတော့ ဖြစ်နိုင်လို့ရှိရင် နိုင်ငံအားလုံး နိုင်ငံနဲ့လည်း ရှိမယ်၊ Region လိုက်လည်းရှိမယ်၊ Group လိုက်လည်း ရှိမယ်။ ဒီကနေယှဉ်ပြိုင်ပြီးတော့ လုပ်လာမယ်ဆိုရင် နိုင်ငံအားလုံးတူညီတဲ့ အကျိုးခံစားရမယ်။ ဘာမှခွဲခြားမှု မရှိဘူး။ လူမျိုးရေးအရခွဲခြားမှု၊ အသားအရောင်အရခွဲခြားမှု၊ ဘာသာရေးအရခွဲခြားမှု၊ ဒေသအရခွဲခြားမှု ဒါတွေမရှိအောင် ကျွန်တော်တို့လုပ်ရမယ်။ ဒီလိုသာ လုပ်မယ်ဆိုရင်ကမ္ဘာကြီးက တည်ငြိမ်အေးချမ်းမှုနဲ့ တိုးတက်မှုရှိသွားလိမ့်မယ်။ ဒါကို ကျွန်တော်တို့ အသုံးချနိုင်ဖို့လိုတယ်။


