သရက် ၁၄ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ကလေးစာပေပွဲတော်၊ စာအုပ်စာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကလေးစာပွဲတော်ကို ကလေးများ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်၊ ပညာဗဟုသုတရော လူရည် လူသွေးပါ ပြည့်ဝပြီး အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်ကာ နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ သရက်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ ကျောင်းသားလူငယ်များ ပါဝင် ဆင်နွှဲနိုင်ရန်အတွက် အားကစားပြိုင်ပွဲပြုလုပ်ရန် နေရာများ ပြင်ဆင်ခြင်း၊ မုခ်ဦးများ ပြုလုပ်ခြင်း ၊ ကြော်ငြာဆိုင်းဘုတ်များ စိုက်ထူခြင်း၊ 3D ဗီနိုင်းများချိတ်ဆွဲခြင်း၊ ပြိုင်ပွဲ များအတွက် ပန်းအလှ ပုံဖော်ခြင်း၊ ဖျော်ဖြေရေးခန်းမများ၊ စာဖတ်ခန်းများနှင့် အသိပညာပေးပြခန်းများ ပြင်ဆင်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည်။
ကလေးစာပေပွဲတော်တွင် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာပေဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစားနည်းများ၊ ဂိမ်းကစား နည်းများ၊ အာလူးကောက်၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ သံပုရာသီးဇွန်းကိုက်စသည့် ကစားနည်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ အသိပညာပေးပြခန်း (၈)ခန်း တို့အပြင် ကလေးစာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များဖြင့် စည်ကားသိုက် မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ဝေဖြိုးလေး(ပြန်/ဆက်)


