ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်နှင့် သဘာဝဘေးအန္တရာယ် အရေးပေါ် အခြေအနေတုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းသုံးစီမံချက်များ စာအုပ်လွှဲပြောင်းပေးအပ်

စစ်တွေ ၂၆ နိုဝင်ဘာ

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်နှင့် သဘာဝဘေးအန္တရာယ် အရေးပေါ် အခြေအနေတုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းသုံးစီမံချက်များ စာအုပ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် နာရီက ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ကံ့ကော်ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ မင်းသူရိယခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက အဖွင့်အမှာစကား ပြောကြားပြီး ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM မှ အစီအစဉ် မန်နေဂျာ Mr. Konrad Clos က စီမံချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ IOM မှ တာဝန်ရှိသူတစ်ဦးက ရခိုင်ပြည်နယ်အတွင်း ဖော်ဆောင်ထားခဲ့သော သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် IOM မှ အစီအစဉ် မန်နေဂျာ Mr. Konrad Clos က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်နှင့် သဘာဝဘေးအန္တရာယ် အရေးပေါ် အခြေအနေတုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းသုံးစီမံချက်များ စာအုပ်များကို လွှဲပြောင်းပေးအပ်ရာ ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင်များက လက်ခံရယူကြသည်။

ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး (ညွှန်ကြားရေးမှူး) ဦးကျော်မင်းက အရင်တုန်းကလည်း သဘာဝဘေးတွေကို တုံ့ပြန်ရင်ဆိုင်ခဲ့ကြတယ်။ အခုတော့ အစီအစဉ်တွေနဲ့ စနစ်တကျ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းစီမံချက်တွေက အများကြီး အထောက်အကူဖြစ်ပါလိမ့်မယ်။ လုပ်ငန်းစီမံချက်ကြီးဆိုရင် ပြီးပြည့်စုံပြီးတော့ ရခိုင်တစ်ပြည်နယ်လုံး လွှမ်းခြုံအောင် ရေးဆွဲထားတာဖြစ်တဲ့အတွက် သဘာဝဘေးကို တကယ်တမ်းရင်ဆိုင်ကြရတဲ့အခါမှာ ထိထိရောက်ရောက် လျင်လျင်မြန်မြန်နဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ဟု ပြောသည်။

အဆိုပါလုပ်ငန်းသုံး စီမံချက်များစာအုပ်များကို IOM ပူးပေါင်းပါဝင်မှု၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် အတည်ပြုရေးဆွဲခဲ့ခြင်းဖြစ်သည်။

၁၉၆၇၊ ၁၉၆၈ ခုနှစ်များတွင် သက်ရောက်ခဲ့သော စစ်တွေမုန်တိုင်း၊ ၂၀၁၀ ခုနှစ် ဂီရိဆိုင်ကလုန်းမုန်တိုင်းနှင့် ၂၀၁၅ ခုနှစ် ကိုမန်မုန်တိုင်းတို့၏ ဘေးဒဏ်ကြောင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ဖြစ်စဉ်များကို သင်ခန်းစာယူ ဆန်းစစ်လေ့လာပြီး ကြိုတင်ဆောင်ရွက်နိုင်ရေးအတွက် ရခိုင်ပြည်နယ် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)တို့ ပူးပေါင်းမှုဖြင့် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်ကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ယင်းလုပ်ငန်းစဉ်များကို ဟန့်တားထိပါးနိုင်သည့် သဘာဝဘေးအန္တရာယ်များကို လျှော့ချနိုင်ရန်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဝင်များအား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းရည်များကို မြှင့်တင်ပေးခြင်းဖြင့် ဘေးမကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းကဏ္ဍများကို စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီတို့အကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဘေးလျော့ပါးရေး အစီအစဉ်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ ပြည်နယ်အတွင်း ကျရောက်နိုင်ခြေများသော ဘေးအန္တရာယ်အမျိုးမျိုးအတွက် ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်အကဲဖြတ်ချက် ပို့ပေးရန်၊ မြို့နယ်၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းလုပ်ငန်းစဉ်များတွင် သဘာဝဘေးလျော့ပါးရေးဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားရန် စသည့် ရည်ရွယ်ချက်များဖြင့် အဆိုပါ လုပ်ငန်းစီမံချက်များကို ရေးဆွဲ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး၊ ဇင်ဦး(မြန်မာ့အလင်း)