နေပြည်တော်  ၂၅   နိုဝင်ဘာ

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့်အဖွဲ့သည် နိုဝင်ဘာ ၂၃ ရက်  ညနေပိုင်းတွင်  လွိုင်ကော်မြို့၊ Famous Hotel ကယားပြည်နယ်ရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် ကယားပြည်နယ်တွင် ဂျပန်-မြန်မာ ချစ်ကြည်ရေး ချယ်ရီပင်များကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် စိုက်ပျိုးမည့်ကိစ္စ၊ ကယားပြည်နယ်သို့ ဂျပန်ခရီးသွား ဧည့်သည်များ ပိုမိုလာရောက်စေရန် ခရီးသွားမြှင့်တင်မှုများ ဆောင်ရွက်မှုနှင့် ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များမှလည်း လာရောက်မည့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုကို ဆွေးနွေးကြသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၂၄ ရက်နံနက်ပိုင်းတွင်  ကယားပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်နှင့်အတူ လွိုင်ကော်မြို့ ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှုဦးစီးဌာနရုံးသစ် ဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး လောပိတ အမှတ်()ရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် ရပ်ကြည့်နားနေဆောင်သို့ ရောက်ရှိကာ ဂျပန်နိုင်ငံသားခရီးသည်များ လည်ပတ် လေ့လာရေးနှင့် ဆွဲဆောင်နိုင်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံမှူးက လောပိတရေအား လျှပ်စစ်စက်ရုံ တည်ဆောက်ခဲ့မှုအား ရှင်းလင်းတင်ပြခဲ့ပြီး မှတ်တမ်းဗွီဒီယိုအား ပြသသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် အဖွဲ့သည် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ကယားပြည်နယ် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဝင်များနှင့်တွေ့ဆုံကာ ကယားပြည်နယ်ခရီးသွား လုပ်ငန်းဆောင်ရွက်နေမှုများ၊ လူထုအခြေပြု ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဂျပန်-မြန်မာချစ်ကြည်ရေး ချယ်ရီပန်းပင်များ စိုက်ပျိုးရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချယ်ရီပန်းပင် စိုက်ပျိုးမည့် လွိုင်ကော်မြို့ ဗုဒ္ဓဉယျာဉ်တော်သို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူထုအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်နေသည့် ပန်ပက်ကျေးရွာသို့ သွားရောက်ကာ ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှု၊ ပန်ပက်ကျေးရွာရှိ အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့် ကယန်းလူမျိုးများအိမ်သို့ သွားရောက်ကြည့်ရှုကြသည်။

 

ထို့နောက် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ်ရှိ မိုးဗြဲရေတံခါးသို့ သွားရောက်ကာ မိုးဗြဲရေတံခါးထိန်းသိမ်းဆောင်ရွက်ထားရှိမှုနှင့် မိုးဗြဲရေတံခါးမှ စက်လှေများ ဖြတ်သန်း၍ ခရီးသွားလာမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ မိုးဗြဲရေတံခါး တာဝန်ခံက မိုးဗြဲရေတံခါးမှ စက်လှေများဖြတ်သန်းသွားလာမှုတွင် ခရီးသွားဧည့်သည်များအတွက် စိတ်ချလုံခြုံမှုရှိကြောင်း၊ ခရီးစဉ်ကြောင့် လောပိတလျှပ်စစ်ဓာတ်အားပေး စက်ရုံ၏ ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေအတွက် ထိခိုက်မှုမရှိကြောင်း ရှင်းလင်းတင်ပြသည်။

 

(သတင်းစဉ်)