ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိ

 

နေပြည်တော် ဇူလိုင် ၃

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ရန်အတွက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။

 

နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့အား ဒုတိယသမ္မတ ဦးညိုစော နှင့်ဇနီး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီး များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြသည်။

 

ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတသည် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတ နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ လာအို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ လာအိုနိုင်ငံ ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံခြင်းနှင့် ပြည်နယ်အုပ်ချုပ် ရေးမှူးများနှင့် တွေ့ဆုံခြင်းတို့ကို ဆောင်ရွက်၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များ တိုးမြှင့်နိုင်ရေးဆွေးနွေး ဆောင်ရွက်သွားမည့်အပြင် လာအိုနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများနှင့် အဆောက် အအုံများ၊ အထင်ကရနေရာများသို့ သွားရောက် လေ့လာခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတ နှင့်ဇနီး ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့် အထူးလေယာဉ် သည် ဒေသစံတော်ချိန်နံနက် ၉ နာရီ ၁၅ မိနစ်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ ဝပ်တိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး (Minister in Attend-ance) မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေးနှင့်ဇနီး ဦးဆောင်သည့် လာအိုအစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးအောင်ကိုနှင့်ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ရာဇာထွန်းနှင့်ဇနီး၊ တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေး စွာ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထိုသို့ကြိုဆိုစဉ် လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတ နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) လာရောက်ကြသည့် နိုင်ငံ့အကြီးအကဲများအား ကြိုဆိုဂုဏ်ပြုသည့် ဓလေ့ထုံးတမ်းအစဉ် အလာနှင့်အညီ ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူအလေးပြု၍ လည်းကောင်း၊ လာအိုကလေးငယ် နှစ်ဦးတို့က ဂုဏ်ပြုပန်းစည်းကမ်း၍လည်းကောင်း ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် လေဆိပ်မှ ထွက်ခွာ ကြရာ လမ်းဘေးဝဲယာ၌ လာအို နိုင်ငံ ကင်းထောက်လူငယ် မောင်မယ်လေးများက နှစ်နိုင်ငံ အလံများဝှေ့ယမ်း၍ နိုင်ငံတော် သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ခရီးဦးကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်