ပြင်ဦးလွင် ၉ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း ကျန်းမာရေးပညာပေး ပြခန်းဖွင့်ပွဲကို နိုဝင်ဘာလ ၈ ရက် ၊ ညနေ ၄ နာရီက မီးပုံးပျံကွင်းအတွင်း၌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျန်းမာရေးပညာပေးပြခန်း ပြသမှုအား လိုက်လံကြည့်ရှုခဲ့ကြသည်။
၂၀၁၉ ခုနှစ် ပြင်ဦးလွင် တန်ဆောင်တိုင်မီးပုံးပျံပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါပွဲတော်ကာလအတွင်းရှိ ဘုရားဖူးဧည့်သည်များ၊ ဒေသခံပြည်သူများ ၊ ပွဲတော်လာပရိသတ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ စသည်တို့၏ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်ပေးသည့် ကျန်းမာရေးပညာပေးပြခန်းနှင့် ကျန်းမာရေးဆေးခန်းကိုဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများ ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများ၊ အလွှာအသီးသီးမှ ဝန်ထမ်းများပေါင်းစပ်ကာ ဖွင့်လှစ်ထားရှိခြင်းဖြင့် မတော်တဆထိခိုက်အန္တရာယ် ဖြစ်ပွားမှုတွေကို ကာကွယ်နိုင်ရန်၊ကျန်းမာရေး အသိပညာတိုးပွားစေရန်၊ မိမိကျန်းမာရေးကို မကြောက်မရွှံ့ ဆေးခန်းသို့ လာရောက်ပြသနိုင်ရန် ပညာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရန် ရည်ရွယ်ခဲ့ကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မှ ဒေါက်တာသန်းဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်မျိုးထိုက် (ပြင်ဦးလွင်)