ဖားကန့် ၂၇  နိုဝင်ဘာ 

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နှင့် ဆိပ်မူကျေးရွာသွား ကားလမ်းမကြီးဘေး ယူမာကျေးရွာရှိ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းရုံးနှင့် ကပ်လျက်တွင် ဖားကန့်မြို့၏ အဆင့်မြင့် ကျောက်မျက် ရတနာဈေးကို စတင်အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း(ဖားကန့်)မှ တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက် သည့် အဆိုပါ ကျောက်မျက်ရတနာဈေးတည်ဆောက်မည့် မြေနေရာအား ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင် နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ယနေ့နံနက်(၈)နာရီတွင် မင်္ဂလာပန္နက်ရိုက် ပေးခဲ့သည်။

 

ကျောက်မျက် လုပ်ငန်းရှင်များ အသင်း(ဖားကန့်) ဥက္ကဌ ဦးမောင်ထွန်းက “ဒီကဒေသခံတွေ၊ ဒီကိုရွေ့ပြောင်း လာကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်အကိုင်အခွင့်အလမ်းရအောင်၊ ပြီးတော့ အခုပျံကျ ကျောက်ဝိုင်းတွေမှာ လမ်းတွေိပိတ်ဆို့မှုဖြစ်တာတွေကို ဖြေရှင်းပြီးသားဖြစ်အောင် ရည်ရွယ်ပြီး ကျောက်မျက်ဈေးတည်ဆောက်တာပါ”ဟု ပြောသည်။

 

2

 

၂၀၂၀ ခုနှစ်ကုန်တွင် အပြီးတည်ဆောက်မည့် ကျောက်မျက်ရတနာဈေးတွင် (၄)ခန်းတွဲ(၃) ထပ် အဆောက်အဦး (၂၇)လုံးတည်ဆောက်ကာ အခန်းပေါင်း(၁၀၈)ခန်းပါဝင်ပြီး အခန်းတစ်ခန်း လျှင် ငွေကျပ်သိန်း (၇၅၀) ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အရစ်ကျစနစ်(၄)ရစ် ခွဲ၍လည်း ဝယ်ယူနိုင် ကြောင်း သိရသည်။

 

ကျောက်မျက်ရတနာဈေးတွင် ဌားရမ်းနိုင်သည့် (၃)ခန်းတွဲ(၃)ထပ် အဆောက်အဦ(၂)လုံး၊ Food Court (၂)ခန်းတွဲ(၂)လုံးနှင့် (၃)ခန်းတွဲ(၂)ထပ် စားသောက်ဆိုင်(၂)လုံး တို့ထည့်သွင်း တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

 

“(၁၂၀)ပေ၊ (၁၀ဝ)ပတ်လည်ရှိတဲ့ ပျံကျဈေး(၃)ရုံ၊ (၁)ရုံမှာ အခန်းပေါင်း(၄၀ဝ)ပါဝင်မှာ ဖြစ်တဲ့အတွက် ဆိုင်ခန်း မဝယ်နိုင်သူတွေက ဒီပျံကျဈေးမှာ အရောင်းအဝယ် လုပ်လို့ရအောင်လည်း ဆောင်ရွက် ထားပါတယ်”ဟု ဦးမောင်ထွန်းက ပြောကြားသည်။

 

လက်ရှိတွင် ဖားကန့်ကျောက်ဝိုင်း၊ ဆိပ်မူကျောက်ဝိုင်း၊ ဝှေခါကျောက်ဝိုင်းနှင့် လုံးခင်းည ကျောက်ဝိုင်း တို့ကဲ့သို့ ပျံကျ ကျောက်ဝိုင်းကြီးများနှင့် ကျေးရွာအချို့တွင် ကျောက်ဝိုင်းငယ်များလည်း ရှိနေသည်။

 

ကျောက်မျက်ရတနာ ဉပဒေထွက်ပြီးဖြစ်သော်လည်း နည်းဉပဒေဆက်လက်ထွက်ရှိပြီးပါက ကျောက်မျက် လုပ်ငန်းဆောင်ရွက်နေကြသူများအတွက် ကျောက်စိမ်းကိုင်ဆောင်ခွင့်လိုင်စင် ပြုလုပ် ပေးမည်ဖြစ်ပြီး ကျောက်မျက်ဈေးအတွင် ရောင်းဝယ်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျောက်မျက် လုပ်ငန်းရှင်များအသင်း(ဖားကန့်)မှ သိရသည်။

 

တာလင်းမောင်(ပြန်/ဆက်)