နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၂ ရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

နတ်မောက်၊ ဩဂုတ် ၃

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ခွင့်ပြုရန်ပုံငွေကျပ် တစ်ရွာလျှင် ကျပ် ၁၀ သန်းနှုန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၂၂ ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် ၂၂ ရွာမှာ တောင်ဘက်ကြီး၊ ကွင်းကြီး၊ ဥသျှစ်ကုန်း၊ ဝါပန်၊ သားမျှား() /ဂွေးချို၊ ကျွန်းချောင်း၊ အလယ်ရွာ၊ သမှုန်းကုန်းကြီး၊ ရွာတော်၊ သစ်လှကျင်း၊ ဝန်ကိုက်၊ ရှောက်ပင်၊ မြင်းတဲကြီး() ဥယျာဉ်() ညောင်ကျပ္ပင်(ညောင်ကျပ္ပင်) လင်းဒလူး၊ သစ်ရာကိုင်း၊ ရွာသစ်၊ ညောင်ကျပ္ပင်(တမလန်းပင်) သမှုန်းပင်(ရှေ့) အင်တောကျေးရွာများဖြစ်ပြီး ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၈ ခု၊ ကျေးရွာတွင်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ၅ ခု၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်း ၅ ခု၊ သောက်သုံးရေ ရရှိရေးလုပ်ငန်း ၄ ခုတို့ကို ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ခွင့်ပြုရန်ပုံငွေကျပ် သန်း ၂၂၀၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် ၁၅၆ ဒသမ ၈၄၄၃ သန်း စုစုပေါင်းရန်ပုံငွေကျပ် ၃၇၆ ဒသမ ၈၄၄၃ သန်းဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် ယခုနှစ် မတ်လအတွင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

နတ်မောက်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ကို ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ်အတွင်းက Pilot Project အဖြစ် စတင်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း ၅၅ ရွာတွင် ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်စဉ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သည့် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းခင်းခြင်း၊ စာကြည့်တိုက်တည်ဆောက်ခြင်း၊ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်း အစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံကိန်းခွင့်ပြုရန်ပုံငွေ ကျပ် ၁၀ သန်း၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရက ပြောပြ၍ သိရသည်။

 

သော်သော်(နတ်မောက်)