နောက်(၂)ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးဆက်လက် ပိုနေမည်

နေပြည်တော် ၁၁ ဇူလိုင်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်မှာ မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် နေရာကျဲကျဲ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

မြန်မာ့ပင်လယ်ပြင်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်သည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးဆက်လက် ပိုနေမည်။

နေပြည်တော်နှင့် ရန်ကုန်မြို့ အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်မှာ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

MDN