မူဆယ် ၂၅ နိုဝင်ဘာ
မူဆယ်မြို့၊ ရှမ်းစာပေယဉ်ကျေးမှုအသင်းမှ ဦးဆောင်ကျင်းပသည့် ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်နှင့် ရှမ်းရိုးရာ ကောက်သစ်စား ပွဲတော်ကို မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်ပေါ်တွင် ယနေ့ နံနက်ပိုင်းက အခမ်းအနားပြင်ဆင်မှုများ စတင်ဆောင်ရွက်လျက်ရှိပြီး ညဘက်အချိန်တွင် ရှမ်းရိုးရာဇာတ်သဘင်၊ ခေတ်ပေါ်အက ဖျော်ဖြေပွဲ၊ ရှမ်းရိုးရာအကနှင့် ပျော်ပွဲ၊ ရွှင်ပွဲများဖြင့် စတင်ကျင်းပမည် ဖြစ်သည်။
ရှမ်းသက္ကရာဇ် (၂၁၁၄)နှစ်မြောက် ရှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်နှင့် ရှမ်းရိုးရာ ကောက်သစ်စားပွဲတော်ကို နိုဝင်ဘာ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ ပြုလုပ်ကျင်းပမည်ဖြစ်ပြီး ရှမ်းရိုးရာ ယဉ်ကျေးမှုပြတိုက်များ ခင်းကျင်းပြသခြင်း၊ ရှမ်းရိုးရာ အစားအစာများ၊ ရှမ်းရိုးရာ အထည်ဆိုင်များနှင့် ဈေးဆိုင်စုစုပေါင်း (၃၀ဝ)ဖြင့် အစားအသောက်မျိုးစုံ ခင်းကျင်းရောင်းချမည်ဖြစ်သည်။
“ဒီပွဲဖြစ်မြောက်နိုင်ဖို့အတွက် မူဆယ်မြို့၊ ရပ်ကွက်(၉)ရပ်ကွက်မှာ လူအင်အား(၁၀ဝ၀)နီးပါးနဲ့ (၁၀)ရက်ကြာ ရန်ပုံငွေရရှိအောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ပါတယ်၊ ရှမ်းစာပေ ယဉ်ကျေးမှုကနေကျင်းပတဲ့ ရှမ်းနှစ်သစ်ကူး ပွဲတော်နှင့် ရှမ်းရိုးရာ ကောက်သစ်စားပွဲဟာ လူငယ်လူရွယ်များနဲ့ လူကြီးတွေအားလုံး အပါအဝင် မိမိယဉ်ကျေးမှုကို ထိန်းသိမ်းပြီး အမှတ်ရစေဖို့ ရည်ရွယ်ပြီးတော့ ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါတယ်”ဟု မူဆယ်မြို့၊ ရှမ်းစာပေယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ပြောသည်။
နိုဝင်ဘာ ၂၆ ရက် ညတွင် ရှမ်းနှစ်သစ်ကူးကို ကြိုဆိုမည်ဖြစ်ပြီး နိုဝင်ဘာ၂၇ ရက်တွင် ရှမ်းနှစ်သစ်ကူး ပွဲတော်နှင့် ရှမ်းရိုးရာ ကောက်သစ်စားပွဲ အခမ်းအနားကို ပြုလုပ်ကျင်းပမည် ဖြစ်သည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


