မြောင်းမြ ၁၇ နိုဝင်ဘာ
ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရေးအတွက် မြောင်းမြမြို့နယ် ဌာနဆိုင်ရာများနှင့် မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးမှ တာဝန်ရှိသူများသည် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီက မြောင်းမြမြို့နယ် လင်းဒိုင်းကန့်ဘလာကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ဒေသခံကျေးရွာ ပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာအရောက် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ရှင်းလင်းပြောကြားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ပေးမှုများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာသူများက မိမိတို့ကျေးရွာဒေသအတွင်း ကျေးလက်မီးလင်းရေး၊ ကျေးရွာချင်းဆက် လမ်းပန်းဆက်သွယ်ရေး၊ ကျေးရွာကျောင်းအဆင့် တိုးမြှင့်ရေး၊ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းရရှိရေးတို့ကို ဆွေးနွေးမေးမြန်းရာ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ထို့နောက် ဒေသခံကျေးရွာပြည်သူများအား မြောင်းမြခရိုင် ပြည်သူ့ကျန်းမာဦးစီးဌာနမှ ခရိုင်ကျန်းမာရေးမှူး ဒေါက်တာ တင့်တင့်ကျော်နှင့် ကျန်းမာရေးဝန်ထမ်းများနှင့် ဖြူစင်မေတ္တာ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးရာ သာမန်ဆေးကုသခြင်း (၁၁၁)ဦး၊ မျက်စိဝေဒနာရှင် ၄ ဦး၊ မြောင်းမြဆေးရုံကြီးသို့ ညွှန်းပို့လူနာ (၅)ဦး စုစုပေါင်း လူနာ ၁၀၀ ကျော် အခမဲ့ ဆေးကုသပေးနိုင်ခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း ကိစ္စများ ဆောင်ရွက်ပေးခြင်း စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မင်း (မြောင်းမြ)


