လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိ

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၂၇)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ ညအပူချိန်များမှာရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ နေပြည်တော်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာနမ့်စန်မြို့နှင့် မိုင်းယန်းမြို့တို့တွင် (၂)ဒီဂရီစင်တီဂရိတ်စီ၊ ဟဲဟိုးမြို့နှင့် လွိုင်လင်မြို့တို့တွင် (၃)ဒီဂရီစင်တီဂရိတ်စီ၊ ဟားခါးမြို့တွင် (၄)ဒီဂရီစင်တီဂရိတ်နှင့် ကျောက်မဲမြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် (၅)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ 

 

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီးအိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတို့တွင် ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး၊ (၂၉.၁.၂၀၂၃)ရက်နေ့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်သို့လည်းကောင်း၊ (၃၁.၁.၂၀၂၃)ရက်နေ့တွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့လည်းကောင်းပိုမိုအားကောင်းလာနိုင်ကာ၊ (၁.၂.၂၀၂၃)ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော သီရိလင်္ကာနိုင်ငံကမ်းခြေအနီးသို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကာ၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

 

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျားမိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ ကချင်ပြည်နယ်တွင်တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်အများအားဖြင့် သာယာမည်။

 

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့်ရှိနိုင်ပါသည်။

 

နောက်(၂)ရက်အတွက် ခန့်မှန်းချက်။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ညအပူချိန်များအနည်းငယ် လျော့နည်းနိုင်ပါသည်။

 

နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

 

လာမည့်စနေ၊ တနင်္ဂနွေအားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အများအားဖြင့် သာယာမည်။

 

Credit> မိုး/ဇလ