လာမည့်စနေ၊ တနင်္ဂနွေ အားလပ်ရက်များအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်

၂၈  ဇွန်


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၈)ရက်နေ့ မွန်းလွဲ (၂:ဝ၀)နာရီအချိန် ထုတ်ပြန်ချက်အရ ယနေ့နံနက်(ဝ၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ကာ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပေါင်မြို့တွင် (၆.၃၀)လက်မ၊ လောင်းလုံးမြို့တွင် (၅.၆၇)လက်မ၊ ထားဝယ်မြို့တွင် (၃.၉၄)လက်မ၊ သံတွဲမြို့နှင့် လှိုင်းဘွဲ့မြို့တို့တွင် (၃.၄၆) လက်မစီ၊ မုဒုံမြို့တွင် (၂.၄၀)လက်မ၊ လှည်းကူးမြို့တွင် (၂.၃၂)လက်မ၊ ပိုင်ကျုံမြို့တွင် (၂.၂၈)လက်မ၊ မာန်အောင်မြို့တွင် (၂.၂၄)လက်မ၊ ဟိုင်းကြီးကျွန်းမြို့တွင် (၂.၁၇)လက်မနှင့် သံတောင်ကြီးမြို့တွင် (၂.ဝ၅)လက်မတို့ ဖြစ်ကြပါသည်။


ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။


မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။


မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ် နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။


နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက် ပိုနေမည်။


နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။


ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။


မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

 

လာမည့်စနေ၊ တနင်္ဂနွေ အားလပ်ရက်များအတွက် မိုးလေဝသခန့်မှန်းချက်။ နေပြည်တော်တွင် နေရာကျဲကျဲ၊ ရန်ကုန်တိုင်းဒေသကြီးတွင် နေရာအနှံ့ အပြားနှင့် မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။

 

MDN