ကျွန်းလှမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

 

ကျွန်းလှ ဩဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ထိုးနှံခြင်းကို ဩဂုတ် ၃ ရက် နံနက်(၉)နာရီက မြို့နယ်အတွင်း သတ်မှတ်နေရာအသီးသီး၌ စတင်ထိုးနှံပေးကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးမှတ်တမ်းယူခြင်း ဆောင်ရွက်ကြောင်း၊ ကာကွယ်ဆေးထိုးရာတွင် အသက်(၆၅)နှစ်အထက် ဘိုးဘွားများအား ဦးစားပေးထိုးနှံပြီး ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများကို အဆင့်လိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) အလုံးရေ (၁၅၀၀)ရရှိကြောင်း၊ ဆေးတစ်လုံး နှစ်ဦးနှုန်းဖြင့် စုစုပေါင်းလူဦးရေ (၃၀၀၀)အား မြို့နယ်ပြည်သူ့ဆေးရုံ၊ ညောင်ကိုင်းတိုက်နယ်ဆေးရုံ၊ ကုက္ကိုကုန်းတိုက်နယ်ဆေးရုံနှင့် ရွာသီကျေးရွာ စာသင်ကျောင်းတို့တွင် ဩဂုတ်(၃)ရက်မှ (၄)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

အဆိုပါကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)