ရန်ကုန် ၂၅ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ်ရှေ့ရှိ ပြည်လမ်းမအောက်တွင် ပြည်သူများ ဖြတ်သန်းသွားလာရန်အတွက် မြေအောက်ဥမင်လျှောက်လမ်း တစ်ခုဖောက်လုပ် မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနေရာတွင် မြေအောက်ဥမင် ဖောက်လုပ်မည်ဖြစ်သော်လည်း လက်ရှိတွင် ဆွေးနွေး ညှိနှိုင်းဆဲအဆင့်သာ ရှိသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။
မြေအောက်ဥမင် ဆောက်လုပ်မည့်နေရာအနီးတစ်ဝိုက်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ အဝေးသင်တက္ကသိုလ်နှင့် Junction Square တို့ တည်ရှိပြီး လူသွားလူလာများပြားသော နေရာတစ်ခုဖြစ်သည်။
ဥမင်ဖောက်လုပ်ရာတွင် ထည့်သွင်း တည်ဆောက်မည့် အစီအမံများအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မြေအောက်ဥမင်ဖောက်လုပ်ရန် လျာထားသတ်မှတ်ထားသည့် ပညာရေးတက္ကသိုလ်ရှေ့ ပြည်လမ်းမဘေးတွင် အကာအရံများ ကာရံထားပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ သတိပေးဆိုင်းဘုတ်များ တပ်ဆင်ထားသည်ကို တွေ့ရသည်။
မြေအောက်ဥမင်လျောက်လမ်းဖောက်လုပ်မည့် အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာကုမ္ပဏီများထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း တာဝန် ခံဖြေကြားခြင်းမရှိခဲ့ပေ။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


