ဟုမ္မလင်းမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

ဟုမ္မလင်း ဩဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား ဩဂုတ် ၂ ရက်က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းရာတွင်  ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟန်မင်းဆွေနှင့် စီမံကိန်းတာဝန်ခံတို့မှ  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်နေသည့် နားသဲနှင့် ပါမလုံကျေးရွာတို့တွင် ‌အလျားပေ(၆၀၀)၊ အနံ(၁၄)ပေ၊ ထု(၇)လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ စံပြကျေးရွာ (အ.မ.က-ခွဲ) ကျောင်းတွင် အလျား(၁၄၁၈)ပေရှိ ခြံစည်းရိုးကာရံခြင်းအတွက် ကွန်ကရစ်တိုင်များ ဆောင်ရွက်ခြင်းလုပ်ငန်းများ၏ မြေပြင်‌ဆောင်ရွက်‌ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံ၍ ထိန်းသိမ်းရေးလုပ်ငန်းများ ဆွေးနွေးမှာကြားကာ  လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုအား စီမံကိန်းတာဝန်ခံနှင့် ကျေးရွာကော်မတီဝင်များက ရှင်းလင်းတင်ပြခဲ့ကြသည်။

ဟုမ္မလင်းမြို့နယ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်ကာ ယခုဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း (၅၇)ရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း၊ ဂျင်း‌မြေခင်းခြင်း၊ ကွန်ကရစ်တံတား၊ Box Culvert၊ စာသင်ကျောင်းဆောင်‌‌ ဆောက်လုပ်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း၊ ကျေးရွာဘောလုံးကွင်း တည်ဆောက်ခြင်းနှင့် ရေပေးရေးလုပ်ငန်းများ အဆင့်မြှင့်တင်ခြင်း စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူးထံက သိရသည်။

ချစ်ဦးကို