နေပြည်တော် ၂၅ နိုဝင်ဘာ
ဖိလစ်ပိုင်သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်နိုင်ရေး အလံအပ်နှင်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဦးခင်မောင်တင်၊ ဦးအောင်လှထွန်း၊ ဦးတင်မြင့်၊ ဦးသာဦး၊ ဦးဝင်းမော်ထွန်း၊ ဒေါက်တာ မြလေးစိန်၊ ဦးကျော်လင်း၊ ဦးစိုးအောင်နှင့် ဦးလှမော်ဦး၊ မြန်မာနိုင်ငံအိုလံပစ် ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အလှူရှင်များ၊ ပြိုင်ပွဲဝင်အားကစားအဖွဲ့ အုပ်ချုပ်သူများ၊ နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတအား အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့များက မိတ်ဆက်ဂါရဝပြုကြသည်။
ထို့နောက် ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် အားကစားမောင်မယ်များသည် မိမိတို့ရက်ရှည်လများ လေ့ကျင့်ထားသည်များကို ပြိုင်ပွဲတွင် အစွမ်းကုန်ထုတ်သုံးနိုင်ရန် ကာယပိုင်းရော၊ စိတ်ဓာတ်ပိုင်းပါ အဆင့်အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေကြရမည် ဖြစ်ပါကြောင်း။
ပြိုင်ပွဲတွင် အားကစားနည်း(၅၆)မျိုးထည့်သွင်း ကျင်းပမည်ဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အချိန်ယူစခန်းသွင်း လေ့ကျင့်စေပြီး အဆင့်မီစွာပါဝင်ယှဉ်ပြိုင်နိုင်မည့် အားကစားနည်း (၃၁)မျိုးတွင် အားကစားသမားစုစုပေါင်း(၃၅၁)ဦး၊ အုပ်ချုပ်သူနှင့် နည်းပြ (၁၂၇)ဦးနှင့် အုပ်ချုပ်မှုအဖွဲ့(၄၃)ဦးတို့ကို စနစ်တကျဖွဲ့စည်းယှဉ်ပြိုင် သွားမည်ဖြစ်ပါကြောင်း၊ အားကစားမောင်မယ်များ၏ ဇွဲ၊ စိတ်ဓာတ် အပြည့်အဝဖြင့် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်နေမှုများကို အားကစားသမိုင်းတွင် မှတ်တမ်းတင်နိုင်အောင် တက်ညီ လက်ညီ အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင် သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုသွားရောက် ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့အနေဖြင့် ယခင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အကြိမ်များထက် ဆုတံဆိပ်များ ပိုမိုရရှိအောင် စွမ်းဆောင်ပေးနိုင်မည်ဆိုပါက မြန်မာအားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို ပြောင်းလဲမှတ်တမ်းတင်သွားနိုင်မည် ဖြစ်ပါကြောင်း။
အားကစားအောင်မြင်မှုဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာမြှင့်တင်နိုင်ရေးအတွက် ယခုကဲ့သို့သော နိုင်ငံတကာ အားကစားပြိုင်ပွဲ တစ်ရပ်သို့ နိုင်ငံ့ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ရခြင်းသည် ထူးခြားသည့် ဂုဏ်ဒြပ်နှင့် အခွင့်အလမ်းဖြစ်သည်ကို အုပ်ချုပ်သူများ နည်းပြများနှင့် အားကစားသမားများအားလုံး သတိချပ်စေလိုပါကြောင်း၊ ထို့အတူနိုင်ငံနှင့် လူမျိုး၏ဂုဏ်သိက္ခာပါ ဆက်စပ်နေသည့်အတွက် ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးသည် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မြန်မာအားကစားအဖွဲ့ဝင်အားလုံး၏ ပခုံးထက်တွင်ရှိနေသည်ကို သတိပြုကြရမည်ဖြစ်ပါကြောင်း။
အမိမြန်မာနိုင်ငံတော်ကြီးကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရေးအတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံ အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍကိုလည်း နိုင်ငံတကာအဆင့် မီလာသည်အထိ ဖွံ့ဖြိုးတိုးတက်စေရန်မျှော်မှန်း၍ စနစ်တကျအစီအမံများ ချမှတ်ကြိုးပမ်း ဆောင်ရွက်နေပါကြောင်း၊ အဆိုပါ မျှော်မှန်းချက်ရောက်ရှိပြည့်ဝစေရန် ယခုပြိုင်ပွဲ အပါအဝင် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အားကစားမောင်မယ်များ၏ ယှဉ်ပြိုင် အနိုင်ယူနိုင်မှုဆိုသည့် တစ်ဦးချင်းစွမ်းဆောင်ရည်နှင့် အသင်းလိုက်စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြသသွားကြရမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့သို့ အပ်နှင်းလိုက်မည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အလံတော်သည် နိုင်ငံ၏ ဂုဏ်ဒြပ်နှင့် အမျိုးသားရေးတာဝန်ကိုပါ ကိုယ်စားပြုနေသည်ဆိုသည့် ခံယူချက်ဖြင့်ပြိုင်ပွဲတိုင်းတွင် နိုင်ငံတော်၏အောင်လံတလူလူ လွင့်ပျံနေစေရန် အားကစားစိတ်ဓာတ်နှင့် အမျိုးသားရေးစိတ်ဓာတ်တို့ကို နှလုံးသားနှင့် ဦးနှောက်တို့တွင် အမြဲတစေကိန်းဝပ်နေစေပြီး အစွမ်းရှိသမျှ ရေကုန်ရေခမ်း ကြိုးပမ်းယှဉ်ပြိုင်သွားကြရန် အလေးအနက် တိုက်တွန်းမှာကြား လိုပါကြောင်း။
အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးသို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေး အဖက်ဖက်က ကူညီအားပေးခဲ့ကြသည့် တိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များ၊ စေတနာရှင် ပြည်သူများနှင့် အားကစားဝါသနာရှင်များ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း။
နိုင်ငံကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများသည် နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်မှု၊ အားကစားစိတ်ဓာတ်ပြည့်ဝမှု၊ စွမ်းဆောင်ရည်မြင့်မားမှုနှင့် စံချိန်စံညွှန်း ကောင်းမွန်မှုစသည့် အချက်များပြည့်ပြည့်ဝဝ ခိုင်ခိုင်မာမာ ရှိနေပြီဟု ယုံကြည်ထားသည့်အတွက် နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်ကို အရင်းတည်၍ဇွဲ၊ လုံ့လနှင့်ဝီရိယစိုက်ထုတ်ကာ အစွမ်းကုန်ကြိုးပမ်း သွားကြရန် ထပ်မံတိုက်တွန်းမှာကြား လိုပါကြောင်း။
မြန်မာအားကစား အဖွဲ့ဝင်များအားလုံးအနေဖြင့် နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်နိုင်ရေးဆိုသည့် အမျိုးသားရေး သန္နိဋ္ဌာန်ဖြင့် ရေကုန်ရေခမ်းကြိုးပမ်း ယှဉ်ပြိုင်သွားကြပါ၊ ပြိုင်ပွဲကာလအတွင်း စဉ်ဆက်မပြတ် လေ့ကျင့်ရင်းအသင်းအဖွဲ့ စိတ်ဓာတ်၊ မိသားစု စိတ်ဓာတ်ဖြင့် အချင်းချင်း ရိုင်းပင်းကူညီ သွားကြပါ၊ အဆင့်ဆင့်စီမံကွပ်ကဲ အုပ်ချုပ်မှုကိုခံယူပြီး စည်းကမ်းနှင့်အညီစုဖွဲ့သွားလာလှုပ်ရှားကြပါ၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့စရိုက်အစဉ်အလာ ကောင်းများနှင့်အညီ ယဉ်ကျေးပျူငှာစွာ ပြုမူကျင့်ကြံနေထိုင် သွားကြပါ၊ အနိုင်မခံ၊ အရှုံးမပေးကြံ့ခိုင်သည့် စိတ်ဓာတ်၊ မလျှော့သည့်ဇွဲ၊ လုံ့လတို့ဖြင့် ရင်ဆိုင်ယှဉ်ပြိုင်၍ ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့ကြပါ၊ ယခု SEA Games ပြိုင်ပွဲမှ အတွေ့အကြုံကောင်း၊ သင်ခန်းစာကောင်းများ ဖော်ထုတ်ရယူခဲ့ကြပါ၊ နိုင်ငံကြီးသား စိတ်ဓာတ်ဖြင့် တရားမျှတသန့်ရှင်းစွာ ယှဉ်ပြိုင်၍ အရှေ့တောင်အာရှဒေသညီနောင် နိုင်ငံများအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ပေးနိုင်သည့် အားကစား ချစ်ကြည်ရေး သံတမန်ကောင်း တာဝန်များကို ကျေပွန်ခဲ့ကြပါ၊ အားကစားဖြင့် တိုင်းပြည်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် အားကစားသူရဲကောင်း မောင်မယ်များအနေဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံနေအောင် စွမ်းဆောင်သွားကြပါဟု အလေးအနက် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ အောင်နိုင်ရေးအလံကို အပ်နှင်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အကြိမ်(၃၀) မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ထံ အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာမြင့်ထွေး၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနှင့် ဦးအုန်းဝင်းတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့ဝင်များအား နှုတ်ဆက်အားပေးပြီး အားကစားနည်းများအလိုက် အားကစားပြိုင်ပွဲများတွင် အသုံးပြုမည့်ပြိုင်ပွဲဝင် ပစ္စည်းများခင်းကျင်ပြ သထားရှိမှုကို လှည့်လည်ကြည့်ရှုသည်။
အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ(၃၀)ရက်မှ ဒီဇင်ဘာ(၁၁)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


