စေတုတ္တရာ ၁၄ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မုံညှင်းကျေးရွာ အုပ်စု၊ ကျောက်ပုံကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်ရေးအတွက် နိုဝင်ဘာလ ၁၃ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်၊ စေတုတ္တရာမြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူရေးလုပ်ငန်း လျှပ်စစ်ကျွမ်းကျင် ဦးကျော်နိုင်ထွေးတို့က ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင် များနှင့်အတူ ကျောက်ပုံကျေးရွာမီးရရှိရေးအတွက် ကျေးရွာတွင်း ၄၀၀ ဗို့ဓါတ်အားလိုင်းသွယ်တန်းမည့် အတိုင်းအတာများ၊ မီးတိုင်စိုက်ထူနိုင်မည့် နေရာများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကျောက်ပုံကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ၁၁ ကေဗွီဓါတ်အားလိုင်းနှင့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာတည်ဆောက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၄၅ သိန်း၊ စုစုပေါင်း ၂၄၅ သိန်းဖြင့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓါတ်အားလိုင်း (၆၉၉၅) ပေ သွယ်တန်း ခြင်းလုပ်ငန်းကို မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ နည်းပညာအကူအညီဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို ကျောက်ပုံကျေးရွာအပါအဝင် ဖအိုင်းအနောက်ကျေးရွာ၊ ဖျင်ကြီးကျေးရွာ၊ တန့်လည်ကျင်းကျေးရွာတို့တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၄၀၀၊ ကျေးရွာနေပြည်သူများ၏ လုပ်အား၊ ငွေအားထည့်ဝင်မှုတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်ထံမှ သိရသည်။
သန်းလွင်(မကွေး)


