မုံရွာ ၁၇ နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူး တို့လိုက်ပါ၍ ယနေ့နံနက် ၁၀ နာရီက မုံရွာမြို့ ကျောက်စိမ်းဟိုတယ် (Jade Royal Hotel) ခန်းမတွင် ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး မုံရွာမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

2709

 

အခမ်းအနားတွင် မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

 

2751

 

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌက အသင်းဖွဲ့စည်းရခြင်း၏အကြောင်းကို ဆွေးနွေးတင်ပြသည်။

ထို့နောက် တက်ရောက်လာသူများအား မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် စစ်ကိုင်းတိုင်းဒေသကြီး စီးပွားရေးလုပ်ငန်းရှင်များအသင်း ဖြစ်မြောက်ရေးကော်မတီတို့မှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုံရွာမြို့ ကန်သာယာကန်အတွင်းရှိ ရွှေလိမ္မော်ကျွန်းသို့ရောက်ရှိပြီး မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ကန်သာယာ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းလုပ်ငန်းများဖြစ်သော ရွှေလိမ္မော်ကျွန်းနှင့် ကုက္ကိုလ်ကျွန်း (မူလ- ၁ ဒသမ ၆၃ ဧက နှင့် ၁ ဒသမ ၆၇ ဧက)ကို (တိုးချဲ့ပြီး- ၆ ဒသမ ၆၉ ဧက)၊ ရာပြည်ကပ်ကျော်စေတီတော်ကျွန်း (မူလ- ၃ ဒသမ ၀၆ ဧက)ကို (တိုးချဲ့ပြီး- ၃ ဒသမ ၆၆ ဧက) နှင့် ကျောက်တိုင်ကျွန်း (မူလ- ၃ ဒသမ ၅၀ ဧက)ကို (တိုးချဲ့ပြီး- ၅ ဒသမ ၀၆ ဧက စသည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ကန်သာယာပတ်လမ်းမှ ကျောင်းတိုင်ကျွန်းသို့ ဆက်သွယ်ထားသော အလျား ၆၀ ပေ၊ အနံ ၁၈ ပေရှိသော ကွန်ကရစ်တံတားနှင့် ဗိုလ်ချုပ်လမ်းမှ ရွှေလိမ္မော်ကျွန်းနှင့် ကုက္ကိုကျွန်းတို့သို့ ဆက်သွယ်ထားသော အလျား ၆၀ ပေ၊ အနံ ၁၄ ပေရှိသော ကွန်ကရစ်တံတား တည်ဆောက်ထားမှု၊ ပြည်ထောင်စုလမ်း (ကန်သာယာအရှေ့ဘက် ပတ်လမ်း)ကို Retaining Wall ဆောင်ရွက်လျက်ရှိသည့်အပိုင်း စသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက အသီးသီးရှင်းလင်းတင်ပြမှုနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပါ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကန်သာယာအတွင်း သန့်ရှင်းသာယာလှပရေးနှင့် အများပြည်သူ စိတ်ချမ်းသာစွာ အနားယူအပန်းဖြေနိုင်စေရေးအတွက် အလေးထားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထွန်းကိုကို(ယင်းမာပင်)