နေပြည်တော် ၁၄ နိုဝင်ဘာ
ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် အလွတ်တန်းဆောင်းပါးပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ရေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဖိတ်ခေါ်ထားသည်။
အလွတ်တန်း ဆောင်းပါး ဝင်ရောက်ယှဉ်ပြိုင်လိုသည့် စာပေဝါသနာရှင်များသည် ယခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “အတားအဆီး ကင်းရေးမျှော်မှန်းလို့ မသန်စွမ်း လူ့အခွင့်အရေး ဖော်ဆောင်စို့” “The Future is Accessible” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ရေးသားထားသော ဆောင်းပါး များကို နိုဝင်ဘာ ၂၇ ရက် နောက်ဆုံး ထား၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်များ ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစွမ်းရည်ရ၊ ဖုန်း- ဝ၆၇-၃၄၀၄၃၇၈ သို့ လိပ်မူ ပေးပို့ ယှဉ်ပြိုင် နိုင်ကြောင်း သိရှိရသည်။
အလွတ်တန်း ဆောင်းပါးပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ဆောင်းပါးရှင်အား ငွေကျပ် သုံးသိန်း၊ ဒုတိယဆု ရရှိသူအား ငွေကျပ် နှစ်သိန်းနှင့် တတိယဆု ရရှိသူအား ငွေကျပ် တစ်သိန်းကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားတွင် ချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းပါး ရေးသားရာတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ပေါ်ပေါက် လာပုံ၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ကျင်းပရသည့် ရည်ရွယ်ချက်၊ မသန်စွမ်း သူများအတွက် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ လှုပ်ရှားဆောင်ရွက်မှုများ၊ နိုင်ငံတော် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှုများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် ဖော်ပြပါရှိသော တန်းတူအခွင့်အရေးများ၊ မသန်စွမ်းသူများ လူ့အဖွဲ့အစည်းအတွင်း အများနည်းတူ နေထိုင် ရှင်သန်နိုင်ရေးအတွက် ကြုံတွေ့နေရ သည့် အခြေခံ အဆောက်အဦဆိုင်ရာ၊ လူ့အဖွဲ့အစည်း ဆိုင်ရာ အတားအဆီးများ၊ မသန်စွမ်းသူများ ကြုံတွေ့နေရသည့် အတားအဆီးတို့ကို ဖယ်ရှားပြီး မသန်စွမ်းသူများ အကျုံးဝင်ပါဝင်မှုကို သေချာစေခြင်းဖြင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ၊ လက်လှမ်းမီ ရယူသုံးစွဲနိုင်ခြင်းအတွက် မသန်စွမ်းမှုအလိုက် လိုအပ်သော အထောက်အကူပြု အစီ အစဉ်များ၊ လက်လှမ်းမီ ရယူသုံးစွဲနိုင်ခြင်းနှင့် အတားအဆီးကင်းသော ပတ်ဝန်းကျင်၏ အဓိပ္ပာယ်၊ မသန်စွမ်းမှုနှင့် ပတ်သက်သည့် အတွေ့အကြုံ၊ မသန်စွမ်းသူများ ကြုံတွေ့ နေရသည့် အတားအဆီးများ ဖယ်ရှားနိုင်ရေးအတွက် ကူညီဆောင်ရွက်ခဲ့မှု သို့မဟုတ် ပါဝင် ဆောင်ရွက်ခဲ့ သည့် အတွေ့အကြုံ၊ မသန်စွမ်းမှုနှင့် အတားအဆီးများအပေါ် ထင်မြင်ယူဆချက်နှင့် အကြံပြုချက် များကို ထည့်သွင်းရေးသားနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)


