အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေး

 

 

နေပြည်တော် စက်တင်ဘာ ၂၁

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

 

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် စဝ်ဆောင်းဟန်နှင့် စဝ်အုမ်ခေး၊ ဗဟိုဦးစီးကော်မတီဝင် စဝ်စိုင်းဟန်နှင့် စဝ်စိုင်းလျဲန်းတို့ တက်ရောက်ကြသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဖက်ဆွေးနွေးမည့် အစီအစဉ်များကို ဦးစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်းတို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားကြသည်။

 

ယင်းနောက် NCA နှင့် NCA(၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအား အလေးအနက်ထား၍ ကျင်းပနိုင်ရေး ဆောင်ရွက်မည့်ကိစ္စ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရှိရာ ဒေသများတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရှိရာ ဒေသများတွင် လူသားချင်းစာနာမှုအကူအညီ ပေးအပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)တွင် ပြင်ဆင်သင့်သည့်ပုဒ်မများနှင့်  ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးဆိုင်ရာ လိုအပ်ချက်များအပေါ် RCSS မှ ဆွေးနွေးချက်များတို့အား အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။ စက်တင်ဘာ ၂၂ ရက်တွင် ဒုတိယနေ့ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ပထမနေ့၌ မပြီးပြတ်သေးသည့် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကာ နှစ်ဖက်သဘောထားများ ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်