၁၄ နိုဝင်ဘာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့်  ဂျပန်နိုင်ငံ၊ Japan Chamber of Commerce and Industry (JCCI) တို့ ပူးပေါင်း၍ ၁၅ ကြိမ်မြောက် မြန်မာ - ဂျပန်/ ဂျပန် - မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ အစည်းအဝေး (15th MJBCC - JMBCC Meeting)ကို နိုဝင်ဘာ ၁၄ ရက်က ၊ ကုန်သည်စက်မှု အသင်းချုပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ အစည်းအဝေးတွင် ဂျပန်နိုင်ငံမှ အကြီးစားစက်မှုလုပ်ငန်း၊ လေကြောင်းလုပ်ငန်း၊ နည်းပညာ ဆိုင်ရာလုပ်ငန်း၊ ဥပ‌ဒေအကြံပေးလုပ်ငန်း၊ ပညာရေးနှင့် ဝန်ဆောင်မှုလုပ်ငန်း၊ စွမ်းအင်လုပ်ငန်း အစရှိသည့် ကဏ္ဍများမှ စီးပွားရေးလုပ်ငန်းရှင် ၂၀ ခန့် ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကျွမ်းကျင်ပုဂ္ဂိုလ်များမှ စာတမ်းများဖြင့် အပြန်အလှန်ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့်  ဂျပန်နိုင်ငံ၊ Japan Chamber of Commerce and Industry (JCCI) တို့ ပူးပေါင်း၍ နှစ်နိုင်ငံ  ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နှစ် ၂၀ ကျော် ရှိခဲ့ပြီး နိုင်ငံအလှည့်ကျ အစည်းအဝေး ပြုလုပ်ခဲ့ခြင်းမှာလည်း ၁၅ ကြိမ်ရှိပြီဖြစ်ကြောင်း၊ အဆိုပါဆွေးနွေးပွဲများမှတဆင့် အရေးကြီးသည့် ရင်းနှီးမြုပ်နှံမှုကဏ္ဍအလိုက် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ရလဒ်ကောင်းများ ရရှိကာ တိုးတက်မှုများလည်း ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်း က ပြောသည်။

 

"မြန်မာ ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေးဟာ တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအပြန်အလှန် ယုံကြည်မှု အလေးထားမှုကြောင့် အလွန်ကောင်းမွန်တဲ့ အနေအထား ရှိနေပါတယ်"ဟု ဦးဇော်မင်းဝင်း က ပြောသည်။

 

လက်ရှိ မြန်မာနိုင်ငံအစိုးရအနေဖြင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အဓိကထား ဆောင်ရွက်လျှက်ရှိသောကြောင့်  ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ကြုံတွေ့နိုင်သော အခက်အခဲ များကို ယခုဆွေးနွေးပွဲမှတဆင့် အဖြေရှာကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Ambassador Extraordinary and Plenipotentiary မှ Ichiro MARUYAMA က ပြောသည်။

 

"ကျွန်တော်တို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ပေးပို့တဲ့ သဝဏ်လွှာ နှုတ်ဆက်စကားမှာ ရှင်းပြတဲ့ အတိုင်း မြန်မာ့နိုင်ငံအစိုးရက စီးပွားရေး အပြောင်းအလဲဖြစ်အောင် ကြိုးစားနေတာကို အင်မတန်မှ တန်ဖိုးထားပါတယ်၊ ဦးစားပေးနေပါတယ်၊ ချီးကျူးနေပါတယ်၊ အဲဒါကို ပိုပြီးတော့ လက်တွေ့ကျကျ ဘာလုပ်ဖို့ရှိသလဲ ကျွန်တော်တို့ ဂျပန်သာမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လာဖို့အတွက် ဘာအခက်အခဲများရှိတာလဲ အဲဒါကို ဘယ်တော့ အဆင်ပြေအောင် လုပ်နိုင်လဲ အဲဒါကို ဒီအစည်းအဝေးမှာ ပုဂ္ဂလိက လုပ်ငန်းရှင်များ အချင်းချင်း ဆွေးနွေးပြီးတော့ အဲဒါပေါ် မူတည်ပြီးတော့ အဲဒီမှာရတဲ့ရလဒ်ကို ကျွန်တော်တို့ ဂျပန်အစိုးရအနေနဲ့ အဲဒီရလဒ်ကို မြန်မာ အစိုးရနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ ကျွန်တော်တို့ ဂျပန်သံရုံးကိုယ်စား ဆွေးနွေးပြီးတော့ ဒီမှာရတဲ့ရလဒ်ကို အကောင်အထည်ဖော်နိုင်ရန် ကြိုးစားပါ့မယ်"ဟု Ichiro MARUYAMA က ပြောသည်။

 

လက်ရှိ မြန်မာနိုင်င်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၅၀ ရှိသည့်အနက် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အဆင့် ၁၀ တွင် ရှိကြောင်း သိရသည်။

 

Nyein Nyein