ယင်းမာပင်    ဇူလိုင်  ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးစပါးသီးနှံနှင့် အခြားမိုးသီးနှံ စိုက်ဧက ၁၇၀၅၀၆ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းမာပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ လယ်ယာမြေများတွင် မိုးစပါးအချိန်မီ စိုက်ပျိုး နိုင်ရေးအတွက် နွား၊ လယ်ထွန်စက်များဖြင့် လယ်ယာမြေများထွန်ယက်ပြုပြင်ခြင်း၊ ပျိုးထောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

မိုးသီးနှံစိုက်ပျိုးရာတွင် ယခင်နှစ်က ၁၆၇၉၇၉ ဧက စိုက်ပျိုးခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ခုနှစ် တွင် မိုးစပါးသီးနှံဧက ၃၀၇၀၀၊ ပဲမျိုးစုံ ၂၂၆၆၇ ဧက၊ ဆီထွက်သီးနှံမျိုးစုံ ၅၉၆၂၄ ဧက၊ ဝါသီးနှံ ၂၂၃၃ ဧက၊ စားဖိုးဆောင်သုံးသီးနှံ ၄၇၃ ဧက၊ အခြားသီးနှံပေါင်း ၈၇၄၈၁ ဧက၊ စုစုပေါင်းမိုးသီးနှံ စိုက်ပျိုးဧက ၁၇၀၅၀၆ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပြီး ယနေ့အထိ မိုးသီးနှံစိုက်ပျိုးပြီးစီးမှုအနေဖြင့်၁၀၀၅၅၀ဧကစိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ယင်းမာပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ မိုးသီးနှံများစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ၊ ပိုးမွှားကျရောက်မှု ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာချိုနှင့် ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုးမိုး(ယင်းမာပင်)