ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင် သူမြတ်နိုးသော သတင်းမီဒီယာလောကကို အပြီးတိုင်နှုတ်ဆက်

 

သီသီမင်း

သတင်းသမားတစ်ဦး၏ စံနှုန်းများကို မြဲမြံစွာကိုင်စွဲလျက် ရဲဝံ့တက်ကြွစွာ ကြောက်ရွံ့မှုကင်းကင်းဖြင့် ပြည်သူ့အတွက် သတင်းကောင်းများကို ရှာဖွေဖော်ထုတ်ရေးသားနိုင်ခဲ့သူ။ နိုင်ငံတော်၏ အရေးပါသောအခန်းကဏ္ဍများတွင် ကလောင်အစွမ်းဖြင့်ပါဝင်ခဲ့သူ။ တစ်ခေတ်တစ်ခါက သတင်း လောကသားတို့အကြား “ကျားလေး အုန်းကြိုင်”ဟု အမည်တွင်ခဲ့သူ။ လက်ရှိအချိန်အထိ သတင်းလောက ဖွံ့ဖြိုးရေးတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသူ ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်သည် အသက်(၉၃) နှစ်အရွယ်တွင် သူမြတ်နိုးသော သတင်းမီဒီယာလောကကို အောက်တိုဘာ ၂၃ ရက် ညနေပိုင်းက အပြီးတိုင် နှုတ်ဆက်ကျောခိုင်းသွားခဲ့ပြီဖြစ်သည်။

ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်ကို ၁၉၂၆ ခုနှစ် ဇွန်လ ၁၆ ရက် တနင်္ဂနွေနေ့တွင် အဘ ဦးဘိုးဆင်၊ အမိ ဒေါ်နှင်းကျင်တို့မှ အင်းစိန်မြို့ ဈေးကုန်းရပ်ကွက်၊ အေလမ်း၊ အမှတ် ၈၁ နေအိမ်တွင် မွေးဖွားခဲ့ ခြင်းဖြစ်သည်။

ငယ်စဉ်က အင်းစိန် အစိုးရမူလတန်းကျောင်း၊ အင်းစိန် အစိုးရဟိုက်စကူးကျောင်းတို့တွင် ပညာသင်ကြားခဲ့ပြီး ၁၉၄၄ ခုနှစ်တွင် (၁၀)တန်း စာမေးပွဲအောင်မြင်ခဲ့သည်။ ထို့နောက် ၁၉၄၅-၄၆ ခုနှစ် ထီးတန်းကောလိပ်တွင် ပညာသင်ယူ၍ ၁၉၅၂-၅၃ ခု ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ BA.Dip in Journalism ဘွဲ့ရရှိခဲ့သူလည်းဖြစ်သည်။

သတင်းထောက်အလုပ်ကို ဝါသနာအရင်းခံရှိပြီးသူတစ်ယောက်ဖြစ်သည့် ဦးအုန်းကြိုင်သည် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ် နိုဝင်ဘာ၂၉ ရက် (၂၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ပြန်လည်ထုတ်ဝေသည့် ဟံသာဝတီသတင်းစာတွင် သတင်းထောက်အဖြစ် စတင်အမှုထမ်းခဲ့ပြီး ၁၉၅၀-၅၁ ခုနှစ်တွင် နိုင်ငံရေးသတင်းထောက်တာဝန်နှင့်အတူ တွဲဖက်၍ အယ်ဒီတာအဖြစ် ခန့်ထားခံခဲ့ရသည်။

ဟံသာဝတီသတင်းစာတိုက်တွင် တာဝန်ထမ်းဆောင်စဉ် ၁၉၅၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၆၀ ပြည့်နှစ်တွင် တစ်ကြိမ် သတင်းစာတိုက်ပိုင်ရှင် ဗြိတိသျှဘားမား သူဌေးကြီးဦးညွန့် ချီးမြှင့်သော “သတင်းထူးချွန် ရွှေကလောင်ဆု” ၂ နှစ်ကြိမ် ချီးမြှင့်ခြင်းခံခဲ့ရသည်။ ထိုစဉ်က ချီးမြင့်ခြင်းခံခဲ့ရသော ရွှေကလောင်ဆုမှာ ထိုခေတ်ထိုအခါက ပေါ်ခါစ ပက်ကား ၆၁ ရွှေရောင် ဖောင်တိန်တစ်စုံ နှင့် ငွေကျပ် ၅ဝဝဝ ဖြစ်ရာ တန်ဖိုးနည်းလှပေ။

ဟံသာဝတီသတင်းစာတွင် “ဟံသာဝတီ-အုန်းကြိုင်” ကလောင်အမည်ဖြင့် နိုင်ငံရေးသတင်းထူး သတင်းဦးများ၊ သတင်းဆောင်းပါးများ များစွာရေးသားခဲ့သည့်အပြင် ဟံသာဝတီ တနင်္ဂနွေအထူးထုတ်မဂ္ဂဇင်းကဏ္ဍကိုပါ တာဝန်ယူဆောင်ရွက်ခဲ့သည်။ သတင်းလိုက်ရာ သတင်းရေးရာတွင် ထူးချွန်ပြောင်မြောက်သည့်အတွက် “ကျားလေး အုန်းကြိုင်” အမည်ဖြင့် ကျော်ကြားခဲ့သူလည်းဖြစ်သည်။ ၁၉၆၂ နှစ်ဦးပိုင်း ဇန်နဝါရီလကုန်တွင် ဟံသာဝတီသတင်းစာလုပ်ငန်းမှ နုတ်ထွက်ရပ်နားခဲ့သည်။

ထို့နောက် ၁၉၆၃ ခုနှစ်တွင် ခေတ်သစ္စာသတင်းစာတိုက်တွင် တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး ၎င်းခေတ်သစ္စာသတင်းစာကို အမည်ပြောင်းလဲ၍ ထုတ်ဝေသော “အမျိုးသားသတင်းစာ” တိုက်တွင် ဂါဒီးယန် စိန်ဝင်း နှင့်အတူတွဲ၍ တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးအုန်းကြိုင်သည် ၁၉၄၅ ခုနှစ် သတင်းစာလောကထဲသို့ ရောက်ရှိချိန်မှစတင်ကာ ဗိုလ်ချုပ်အောင်ဆန်းတို့ မကျဆုံးမီအချိန်အထိ ဗိုလ်ချုပ်ပြုလုပ်သမျှ သတင်းစာရှင်းလင်းပွဲများ၊ ဟောပြောပွဲများတွင် လိုက်ပါသတင်းရယူခဲ့သူလည်း ဖြစ်သည်။

ထို့နောက် သတင်းစာလောကမှ အနားယူပြီးခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် အင်းစိန် ကြို့ကုန်းမင်းဓမ္မတောင်တွင် “အဘယလာဘမုနိ ကျောက်တော်ကြီး ဘုရားစကျင်ရုပ်ပွားတော်ကြီးတည်ထားစဉ်၎င်း ငယ်စဉ်က ခိုမှီဆည်းပူးခဲ့ရသော မင်းဓမ္မတောင်ဘုရားကျောင်းခေါ် ဦးသဓမ္မဒေဝကိတ္တိဘွဲ့ခံ ရာကျော်ဆရာတော် ဘုရားကြီး ဖြစ်စဉ်တော်များနှင့် မင်းဓမ္မတောင်တော် အကြောင်းအရာတို့ကို” မြို့တော်သတင်းစာနှင့် နက္ခတ္တရောင်ခြည်မဂ္ဂဇင်း၊ ရောင်ပြန်မဂ္ဂဇင်းတို့တွင် နေ့စဉ်၊ လစဉ် အခန်းဆက် သာသန၁ပြု ဆောင်းပါးရှည်ကြီးများကို ရေးသားခဲ့သည်။

ထို့အတူ သူရဇ္ဇ၊ ဂမ္ဘီရ သုတရသစုံ မဂ္ဂဇင်းများတွင်လည်း ဟံသာဝတီ ဦးအုန်းကြိုင် အမည်ဖြင့် သာသနာ၊ ဘာသာနှင့်ဂမ္ဘီရ ပညာရပ်ဆိုင်ရာဆောင်းပါးများရေးသားခဲ့သည်။ ၂၀၀၅ ခုနှစ် ကကုသန္ဓ မြတ်ဗုဒ္ဓ၏ ဇီဝမာနက သကေသဓာတုဝင် သာဓုဆံတော်ရှင်စေတီတော်သမိုင်း တစ်စောင်ကို ဓာတ်ပုံမှတ်တမ်းများဖြင့် ရှေးအကျဆုံး သမိုင်းအထောက်အထားများဖြင့် ပြုစုရေးသားခဲ့သည်။

ထို့ပြင် ၂၀၀၆ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ၊ မြန်မာအင်ဖိုတက်ခ်ရှိ ဓမ္မဝီရစာပေတိုက်မှ အပတ်စဉ် ထုတ်ဝေလျက်ရှိသော ဓမ္မဝီရဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။

ဟံသာဝတီ ဦးအုန်းကြိုင်သည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ပထမအကြိမ် သက်တမ်းဖြစ်သည့် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ သတင်းမီဒီယာကောင်စီဝင်နှင့် ဒုတိယဥက္ကဋ္ဌ တာဝန်များကို အသီးသီးတာဝန်ယူ လုပ်ကိုင်ခဲ့ပြီး လက်ရှိဒုတိယအကြိမ် သက်တမ်း ၂၀၁၈ ခုနှစ်မှ ယခုကွယ်လွန်ချိန်အထိ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။

သတင်းမီဒီယာကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း သတင်းရယူခွင့်ဆိုင်ရာ မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲများ၊ သတင်းသိပိုင်ခွင့်ဆိုင်ရာ ဥပဒေကြမ်းပေါ်ထွက်ရေး ဆွေးနွေးမှုများတွင် တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သည်။ ဟံသာဝတီ ဦးအုန်းကြိုင်သည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌတာဝန်အပြင် အရှေ့တောင်အာရှ သတင်းမီဒီယာကောင်စီများကွန်ရက်တွင်လည်း ဒုတိယဥက္ကဋ္ဌ တာဝန်ကိုပါ ပူးတွဲထမ်းဆောင်လျက် အရှေ့တောင်အာရှဒေသအတွင်း သတင်းမီဒီယာကောင်စီများအကြား ကွန်ရက်ဆက်သွယ်ရေးကိစ္စရပ်များတွင်လည်း တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည်။

သူမကွယ်လွန်မီအချိန်ထိ ကြေးမ၊ုံ မြန်မာ့အလင်း၊ ဒီမိုကရေစီတူဒေး၊ စံတော်ချိန်၊ မြဝတီစသည့် နေ့စဉ်ထုတ်သတင်းစာများတွင် သမိုင်းဆိုင်ရာဆောင်းပါးများနှင့် ခေတ်ပြင်ကဗျာများကို ဟံသာဝတီ ဦးအုန်းကြိုင် ကလောင်အမည်ဖြင့် စာပေများ ရေးသားခဲ့သည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးကျော်စွာမင်းက “အခုလို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌကြီး၊ စတုတ္ထမဏ္ဍိုင်ရဲ့ အကြီးအကဲတစ်ဦးလို့လည်းပြောလို့ရတာပေါ့။ သူက တကယ်ဝါရင့်တဲ့သတင်းစာဆရာကြီး၊ ဗိုလ်ချုပ်အောင်ဆန်းကိုတောင်မီခဲ့တယ်ဆိုတော့ သမိုင်းအတွက်ရော၊ သတင်းမီဒီယာအတွက်ရော သတင်းလောကအတွက် ဆုံးရှုံးမှုကြီး ဖြစ်တယ်လို့ခံယူတယ်။ သူက အသက်အရွယ် ၉၀ ကျော်နဲ့ မလိုက်အောင် သတင်းမီဒီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို တတ်နိုင်သမျှ လူငယ်တွေနဲ့ ရင်ပေါင်တန်းပြီး ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ အခုလိုလူမျိုးဆုံးရှုံးရတဲ့အတွက် သမိုင်းအတွက်ရော၊ သတင်းမီဒီယာအတွက်ရော ဆုံးရှုံးမှုတစ်ရပ်ပဲလို့ ပြောချင်ပါတယ်” ဟု မှတ်ချက်ပြုစကားဆိုသည်။

သတင်းမီဒီယာလုပ်ငန်းကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ကန်တော့ခံ သက်ကြီးပညာရှင်၊ ( အမျိုးသားသတင်းဆု )( သတင်းသူရဲကောင်းဆု)ရ၊ အာဆီယံ သတင်းမီဒီယာ ကောင်စီကွန်ရက် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်(ဟံသာဝတီ) သည် အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီ ၂၅ မိနစ်တွင် ရန်ကုန်မြို့ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ ၌ ကွယ်လွန်သွားပြီဖြစ်ရာ သတင်းမီဒီယာလောကအတွက် ကြီးစွာသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

ကြေးမုံ