ဝန်းသိုမြို့နယ်တွင် လယ်မြေဧက ၈၀၀ ကျော်အကျိုးပြုနိုင်မည့် ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်းဖောက်လုပ်မည်

ဝန်းသို အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်ကာလအတွင်း တောင်သူများ၏ လယ်၊ ယာ ထုတ်ကုန်၊ ထွက်ကုန်များ စျေးကွက်သို့ အချိန်မီတင်ပို့နိုင်ရန် ရည်ရွယ်၍ လယ်မြေဧက ၈၀၀ ကျော်အကျိုးပြုနိုင်မည့် ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်းဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ဝန်းသိုမြို့နယ်အတွင်း တောင်သူများ၏ လယ်၊ ယာ ထုတ်ကုန်၊ ထွက်ကုန်များ စျေးကွက်သို့ အချိန်မီတင်ပို့နိုင်ရန် ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်း နှစ်လမ်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်း နှစ်လမ်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်း သုံးလမ်းတို့ကို ဖောက်လုပ်ပြီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောင်သူများ၏ လယ်၊ ယာ ထုတ်ကုန်၊ ထွက်ကုန်များ စျေးကွက်သို့ အချိန်မီတင်ပို့နိုင်ရန်အတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် မီနီဘတ်ဂျက်ကာလအတွင်း ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျောက်စရစ်ကုန်းကျေးရွာ ကုန်ထုတ်လမ်းတွင် ကုန်ထုတ်လမ်းအရှည် (၀/၃)မိုင်၊ ယင်းလမ်းပေါ်တွင် အရှည် ၁၄ ပေ၊ အကျယ် ၁၆ ပေနှင့် အမြင့် ကိုးပေရှိ ကွန်ကရစ်တံတား တစ်စင်း၊ အရှည် ငါးပေ၊ အကျယ် ၁၄ ပေ၊ အမြင့် သုံးပေရှိ Box Culvert နှစ်စင်းတို့ကို ခန့်မှန်းကုန်ကျငွေကျပ် ၃၃ ဒသမ နှစ်သန်းဖြင့်လည်းကောင်း၊ ဝင်းကြီးကျေးရွာ ကုန်ထုတ်လမ်းတွင် ကုန်ထုတ်လမ်းအရှည် တစ်မိုင်၊ ယင်းလမ်းပေါ်တွင် အရှည် ငါးပေ၊ အကျယ် ၁၈ ပေနှင့် အမြင့် ခြောက်ပေရှိ Box Culvert တစ်စင်း၊ အရှည် ငါးပေ၊ အကျယ် ၁၈ ပေနှင့် အမြင့် သုံးပေရှိ Box Culvert တစ်စင်းတို့ကို ခန့်မှန်းကုန်ကျငွေကျပ် ၅၃ ဒသမ ၂၁ သန်းဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဘုရားတောင်ကျေးရွာ ကုန်ထုတ်လမ်းတွင် ကုန်ထုတ်လမ်းအရှည် (၁/၂)မိုင်ကို ခန့်မှန်ကုန်ကျငွေကျပ် ၅၅ ဒသမ ၅၁ သန်းဖြင့်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ လက်ရှိအချိန်တွင် အဆိုပါလုပ်ငန်းများဆောင်ရွက်နိုင်ရန် တင်ဒါခေါ်ယူလျက်ကြောင်း ဝန်းသိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်မျိုးထွန်းက ပြောပြသည်။

"ဝန်းသိုမြို့နယ်က မိုးများတဲ့ဒေသတစ်ခုလို့ ဆိုရမယ်၊ ပုံမှန်နှစ်စဉ်မိုးရေချိန် ပျမ်းမျှလက်မ ၇၀ လောက်ရှိတယ်၊ လယ်စိုက်တောင်သူတွေအနေနဲ့ အတွင်းဆုံးပိုင်းက လယ်တွေဆို အရှေ့ကလယ်တွေ မရိတ်သိမ်းမချင်း ရိတ်သိမ်းပြီးသီးနှံတွေသယ်ဖို့မလွယ်ဘူး၊ လှည်းဖြစ်ဖြစ် သုံးဘီးဖြစ်ဖြစ် လွယ်လင့်တကူ ဝင်ရောက် သယ်ယူဖို့ လမ်းမရှိတာနဲ့ ရွှံ့တော၊ ဗွက်တောထဲ လူနဲ့ ထမ်းသယ်ကြရတယ်၊ တစ်ချို့လယ်တွေဆို ရိတ်သိမ်းပြီး မိုးမလွတ်နိုင်တော့ သီးနှံတွေ ပျက်စီးကြရတယ်၊ အဲဒါတွေကြောင့် ဈေးကွက်ကို လျင်လျင်မြန်မြန်နဲ့ အရောက်သယ်ယူနိုင်ဖို့ တောင်သူတွေရဲ့လိုအပ်ချက်အရ ကျေးလက်ကုန်ထုတ်လမ်းတွေ ဖောက်လုပ်ပေးနေရခြင်း ဖြစ်တယ်လို့" ၎င်းက ဆက်လက်ပြောပြသည်။

မင်းမြင့်မိုရ်(ကျေးလက်)