ဝန်းသို ၊ ၃၀ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကုန်ထုတ်လမ်းများဖောက်လုပ်ပေးလျှက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် မည့် အောင်ပင်ကျေးရွာ ကုန်ထုတ်လမ်းနှင့် ကုန်ထုတ်လမ်းဖောက်လုပ်ပေးပါရန် တင်ပြလာသော ဂွေးတောက်ကျင်းကျေးရွာသို့ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ရှိသူများက တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ငွေကျပ် ၈၉ ဒသမ ၈ သန်းဖြင့် အရှည်(၂)မိုင် မြေ+ဂျင်းလမ်း ဆောင်ရွက်ရန် ရွှေသိန်းကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်မည့် အောင်ပင်ကျေးရွာကုန်ထုတ်လမ်းအား အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ အလားတူ ကုန်ထုတ်လမ်းဖောက်လုပ်ပေးပါရန် တင်ပြလာသော ဂွေးတောက်ကျင်းကျေးရွာ ကုန်ထုတ်လမ်းအား ဆက်လက်ကြည့်ရှုခဲ့ရာ ကုန်ထုတ်လမ်းဖောက်လုပ်ရာတွင် ပါဝင်မည့်လယ်/ယာ ဧက၊ ကုန်ထုတ်လမ်း ကိုအသုံးပြုကြမည့် လယ်ယာမြေဧကများ၊ ကုန်ထုတ်လမ်းဖောက်လုပ်ရာတွင် လယ်ယာမြေများပါ ရှိလာပါက မြေလှူဒါန်းပေးနိုင်မှု အခြေအနေတို့ကို ကျေးရွာမှရပ်မိရပ်ဖများ၊ အကျိုးခံစားရမည့် တောင်သူများမှ ပြန်လည်တင်ပြနိုင်ရန်မှာကြားခဲ့ပြီး ကုန်ထုတ်လမ်းဖောက်လုပ်ရန် ဖြစ်နိုင်စွမ်းနှင့် ကုန်ထုတ်လမ်းတွင် တံတားဆောင်ရွက်ပေးရမည့် အရေအတွက်တို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
အဆိုပါကုန်ထုတ်လမ်းများ ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း နှင့် အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်အိမွန်ဟိန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းထွန်းလတ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ကွင်းဆင်းစစ်ဆေးရာတွင် လိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မွှေးကြူဇင်


