ပြည် ၄ အောက်တိုဘာ
ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ပြည်ခရိုင်တွင် Food And Drug Administration (FDA) ရုံးနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက FDA ရုံးသည် ပြည်သူများ၏ ကျန်းမာရေး၊ အချို့စီးပွားရေးသမားတို့၏ ဝိသမလောဘကြောင့် မှတ်ပုံမတင်ထားသည့် အစားအသောက်၊ ဆေးဝါးများကို စနစ်တကျ ဓါတ်ခွဲစမ်းသပ်ခြင်း၊ အန္တရာယ်ရှိသော အစားအသောက်စာရင်းများ ထုတ်ပြန်ခြင်း၊ ဖျက်စီးခြင်းလုပ်ငန်းကို အဓိကထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တစ်ဘက်ကလည်း ရွေ့ပြောင်းဓါတ်ခွဲစမ်းသပ်နိုင်သည့် ကားများဖြင့် ဈေးများ၊ ဆေးဆိုင်များ၊ စားသောက်ဆိုင်များကို အခါအားလျော်စွာ ဝင်ရောက်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ကြရန်၊ ဒါမှလည်း ယုံကြည်စိတ်ချရသော အစားအသောက်များကို ပြည်သူများ သုံးဆောင်နိုင်မည်ဖြစ်ပြီး မလိုလားအပ်သော ရောဂါများကို လျော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကိုလည်း အရေအသွေးပြည့်မီစွာ ဆောက်လုပ်ကြရန်နှင့် သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေး ဦးစားပေး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်၊ ဆေးဝါး၊ အလှကုန်နှင့်ဆေးပစ္စည်းများကို စိတ်ချယုံကြည်စွာသုံးစွဲနိုင်ရေးအတွက် ပြဌာန်းထားသည့်ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျှက်ရှိပြီး လုပ်ငန်းတာဝန်များကိုလိုအပ်ချက် အပေါ်မူတည်၍ စီမံချက်ရေးဆွဲကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ပြည်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံး (FDA)တွင် ခေတ်မီဓါတ်ခွဲခန်းအပါအဝင် ရုံးအဆောက်ဦး (၉၀×၉၀)ပေ၊ လူပျိုဆောင် (၁၂၀×၃၀)ပေနှင့် (၄)ခန်းတွဲ (၂)ထပ် ဝန်ထမ်းအိမ်ရာ (၉၄×၄၉)ပေတို့အား ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ငွေကျပ်(၃၉၇ ဒသမ ၅) သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ (၇၅)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


