ဝါလုပ်ငန်းများတွန်းအားပေး နိုင်ငံ့စီးပွားမြှင့်တင်

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်။ စိုက်ပျိုးရေးထွက်ကုန်အမျိုးမျိုးဖြင့် နိုင်ငံ့စီးပွား တိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်လျက်ရှိသည်။ အဓိကစိုက်ပျိုးသီးနှံ ထုတ်ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံပြီးလျှင် ဝါစိုက်ပျိုးရေးသည် တိုင်းပြည်စီးပွားတိုးတက်ရေးကို ကောင်းမွန်ဖြစ်ထွန်းအောင် အထောက်အကူပြုနိုင်သည်။

မြန်မာနိုင်ငံတွင် အစဉ်အဆက် ဝါသီးနှံများ စိုက်ပျိုးထွက်ရှိခဲ့သော်လည်း ဝါဂွမ်းကို ခေတ်မီနည်းစနစ်တကျ ထုတ်လုပ်နိုင်ခြင်းမရှိသေးသဖြင့် ပြည်ပမှ ဝါထွက်ပစ္စည်းများနှင့်ချည်ထည်များကို နှစ်စဉ်တင်သွင်းနေရသည်။ လက်ရှိတွင် မြန်မာနိုင်ငံရှိ ဝါစိုက်ဧက ငါးသိန်း၌ တစ်ဧကလျှင် ပိဿာချိန် ၇၀၀ ခန့်ထွက်ရှိအောင်စိုက်ပျိုးပြီး အဆင့်မီသည့် ချည်ထည်ပစ္စည်းထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံအတွင်းရှိလူဦးရေ အတွက် လိုအပ်သည့် အထည်များ ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ်ခဲ့သည့် ဝါကုန်ကြမ်းများကို အဆင့်မီချည်ချောများ ထုတ်လုပ်နိုင်ပါက ပြည်ပသွင်းကုန်အစားထိုးပြီး နိုင်ငံ့စီးပွားတိုးတက်မှုကို အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။

အထည်အလိပ်လုပ်ငန်းများနှင့်ပတ်သက်၍ ဝါစိုက်ပျိုးမှု မြှင့်တင်ရေးနှင့်မပြီးပေ။ ဝါဗိုင်းငင်သည့် စက်များကိုလည်း နိုင်ငံအတွင်းအဆင့်မီအောင် ဆောင်ရွက်ရန်လိုအပ်သည်။ ဝါသီးနှံမှ ဝါကိုဗိုင်းငင်ပြီး ဝါဂွမ်း၊ လင်တာဂွမ်း (အမျှင်တို) နှင့် ဝါစေ့များထွက်ရှိလာသည်။  ဝါစေ့ကိုဆီကြိတ်သည့်လုပ်ငန်းများတွင်    အသုံးပြုခြင်းဖြင့် ဆီစက်လုပ်ငန်းများ ပိုမိုလည်ပတ်ကောင်းမွန်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက် ရရှိလာမည်ဖြစ်သည်။ ထို့အပြင်ဝါစေ့ကြိတ်ဖတ်များကို တိရစ္ဆာန်အစားအစာအဖြစ်   ထုတ်လုပ်နိုင်မည်ဖြစ်၍  ဝါသီးနှံမှ စီးပွားရေးလုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဝါသီးနှံမှထွက်ရှိသည့် ဝါဂွမ်းမှ ချည်ထည်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဖြစ်၍ ရက်ကန်းစက်များ လည်ပတ်နိုင်ခြင်း၊ ရရှိလာသည့် အထည်အလိပ်များကို အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုနိုင်၍ အလုပ်အကိုင် အခွင့်အလမ်းများ များစွာရရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထွက်ရှိလာသည့် ဝါဂွမ်းမှတစ်ဆင့် လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နိုင်သဖြင့် အကျိုးကျေးဇူးများစွာဖြစ်ထွန်း၍ ဝါအထွက်နှုန်းတိုးတက်ရေးကို   ဦးစားပေး ဆောင်ရွက်ကြရမည်ဖြစ်သည်။  ဝါမှကုန်ချောနှင့်ချည်ပိတ်များ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်သွားရန်ကြိုးစားရမည်ဖြစ်သည်။ 

မြန်မာနိုင်ငံအတွင်း ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသည် ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်နိုင်ကြောင်း သိရသည်။ ထို့ကြောင့် ပြည်တွင်းမှထွက်ရှိသော ဝါများကို ဝါကြိတ်စက်ရုံများတွင် ကြိတ်ခွဲခြင်း၊ ချည်မျှင်စက်ရုံများမှ အဆင့်မီချည် ထုတ်လုပ်ခြင်း၊ အထည်အလိပ်စက်ရုံများမှ ပိတ်များ ထုတ်လုပ်ခြင်း၊ အထည်ချုပ်စက်ရုံများမှ အဝတ်အထည်များထုတ်လုပ်ခြင်း စသည့်ဝါကိုအခြေခံသည့်   ကုန် ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်တွင်း၌  ချည်မျှင်နှင့်အထည်လုပ်ငန်းများ တိုးတက်ဖြစ်ထွန်းလာပါက ပြည်ပမှတင်သွင်းနေရမှုကို လျှော့ချနိုင်ပြီး  အခွင့်အလမ်းများ ပွင့်လန်းလာမည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ရည်မှန်းထားသည့်အတိုင်း စိုက်ဧကပြည့်မီလာပြီး တစ်ဧက ပိဿာ ၇၀၀ ပြည့်မီရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ဝါသီးနှံရည်မှန်းချက် ပြည့်မီလာပြီဖြစ်၍   ချည်မျှင်နှင့်အထည်စက်ရုံများ   တိုးတက်ဖွံ့ဖြိုးလာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ လက်ရှိတွင် စက်မှုဝန်ကြီးဌာန၌ ဝါကြိတ်စက်ရုံ ၁၆ ရုံရှိပြီး ပုဂ္ဂလိက ကဏ္ဍတွင်  ဝါကြိတ်စက်ရုံ ၁၉၁ ရုံရှိသည်။  ဝန်ကြီးဌာနတွင် ချည်မျှင်နှင့်အထည်ထုတ်လုပ်သည့်စက်ရုံ ၁၂ ရုံရှိပြီး ပုဂ္ဂလိကသို့ ငှားရမ်းထားသည့် စက်ရုံနှစ်ရုံရှိသည်။ ပုဂ္ဂလိကကဏ္ဍတွင် ချည်မျှင်နှင့် အထည်ထုတ်လုပ်သည့်စက်ရုံ ကိုးရုံရှိသဖြင့် မြန်မာနိုင်ငံတွင် စက်ရုံ ၂၃ ရုံရှိသည်။

ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ကောင်းမွန်လာပြီး ချည်မျှင်နှင့်အထည် ထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အားကောင်းလာရေးအတွက် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝါသီးနှံကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက် လာပြီး ဝါနှင့်ချည်မျှင်၊ ချည်ထည်နှင့်အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်လာပြီး လူမှုစီးပွားဘဝများ တိုးတက်မြင့်မားကာ အလုပ်လက်မဲ့ အခြေအနေများကို လျှော့ချ နိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ ဝါစိုက်ပျိုးထုတ်လုပ်မှုကို အားပေးမြှင့်တင်ပြီး ရရှိဖြစ်ထွန်းလာသော အခြေအနေများအပေါ်မူတည်၍ ဝါနှင့်ပတ်သက်သည့် နိုင်ငံပိုင်စက်ရုံအလုပ်ရုံများ၊ ပုဂ္ဂလိကသို့ ငှားရမ်းထားသည့် စက်ရုံအလုပ်ရုံများ၊ ပုဂ္ဂလိကကဏ္ဍမှ စက်ရုံ၊ အလုပ်ရုံများအားလုံး ဝါကြိတ်ခွဲခြင်းနှင့် ချည်ထုတ်လုပ်ခြင်းလုပ်ငန်းများကို စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ကြေးမုံ