ဝက်လက်၊ ၁၁ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်နှင့် ၁၂ မိုင်ခန့်အကွာရှိ စခန်းသာကျေးရွာတွင် လျှော်ဖြူခြံ စိုက်ပျိုးကာ အသက်မွေးဝမ်းကျောင်းပြုနေသည့် အိမ်ထောင်စုပေါင်း  ၂၀ ခန့်ရှိရာ  ယခုကာလတွင် လျှော်ဖြူစေး ဈေးနှုန်းကျဆင်းမှုကြောင့် မိသားစုဝင်ငွေလျော့နည်းပြီး အဆင်မပြေဖြစ်နေကြောင်း သိရသည်။

 

"လျှော်ဖြူ တစ်ပိဿာကို  အရင်နှစ်က ငွေကျပ် ၂၂၀ဝ၀ ထိ ရောင်းချရပေမယ့် ယခု ကိုဗစ်- ၁၉ ကာလမှာ လျှော်ဖြူ တစ်ပိဿာကို ၇၀ဝ၀ နှုန်းလောက်ပဲ ရောင်းချရပါတယ်၊ အရင်ထက်စာလျှင် လျှော်ဖြူစေးက  အတော်လေး ဈေးနည်းပြီး ရောင်းချနေရလို့  မိသားစုဝင်ငွေတော့ ထိခိုက်ပါတယ်"ဟု လျှော်ဖြူခြံစိုက် တောင်သူ ဦးဇော်ဖြိုးဝင်း၏ ပြောပြချက်အရ သိရသည်။

 

လျှော်ဖြူပင်ကို စိုက်ပျိုးမည်ဆိုပါက  ပျိုးပင်တစ်ပင်ကို ငွေကျပ် ၁၅၀ ဖြင့် ဝယ်ယူကာ တစ်ဧကလျှင် အပင် ၂၅၀  စိုက်ပျိုးနိုင်ပြီး သုံးနှစ်သားဆိုလျှင် အစေးအနည်းငယ်စထွက်လာကာ လေးနှစ်ဆိုလျှင် အစေးလှိုင်လှိုင် ထွက်ကြောင်း သိရသည်။ အစေးထုတ်ယူရန်အတွက် လျှော်ဖြူပင်ကို ခုနစ်ရက်ခြား ထစ်ပေးပြီး အစေး ထုတ်ယူရကြောင်း လျှော်ဖြူခြံ စိုက်ပျိုးထားသူ ဦးဇော်ဖြိုးဝင်က ဆက်လက်ပြောပြသည်။

 

လျှော်ဖြူ တစ်ဧကလျှင် တစ်ရက်လျှင် လျှော်ဖြူစေး ၂၀ ကျပ်သားမှ ၂၅ ကျပ်သားထိ ရရှိကာ လျှော်ဖြူအထွက်နှုန်း မကျသော်လည်း ယခုကာလတွင် လျှော်ဖြူဈေးနှုန်း ကျဆင်းလျက်ရှိသောကြောင့် မိသားစုစားဝတ်နေရေး အခက်အခဲများ၊ အဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

 

စိုးစိုးလှိုင်(ဝက်လက်)