ဝါးခယ်မမြို့နယ်၌ မြစ်ကမ်းပါးပြိုကျသဖြင့် ယာယီပြောင်းရွေ့ခဲ့သော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

ဝါးခယ်မ   အောက်တိုဘာ   ၂၃

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မြစ်ရေတိုက်စား၍မြစ်ကမ်းပါးပြိုကျခဲ့သ ဖြင့် ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ခဲ့သော ဟင်္သာဒုံးကျေးရွာရှိ အိမ်ထောင်စုနှစ်စုနှင့် အထက်‌ ပေကုန်းကျေးရွာရှိ အိမ်ထောင်စု ခြောက်စုတို့အား‌ ရွှေလောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အောက်တိုဘာ ၂၂ ရက်က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေများကို မြောင်းမြခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝေဝေဇော်နှင့်အဖွဲ့က ရွှေ့ပြောင်းခဲ့သည့် အိမ် ရှစ်လုံးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေအဖြစ် တစ်အိမ်လျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ရှစ်သိန်း၊ မိသားစုဝင် ၃၁ ဦးအား ဆန်ရိက္ခာအဖြစ် တစ်ဦးလျှင် ငွေ ၂၁၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၆၅,၁၀၀ စုစုပေါင်းငွေကျပ် ၈၆၅,၁၀၀ အား ထောက်ပံ့ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် နေအိမ်ရွှေ့ပြောင်းခဲ့ရသူတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)