ဥရောပသမဂ္ဂနှင့် အက်စ်ထရာဗနီကာ ဆေးကုမ္ပဏီတို့ကြားမှ အငြင်းပွားမှုပြဿနာ

= ခြူးစန္ဒီနွေး =

 

အောက်စဖို့ဒ် - အက်စ်ထရာဇနီကာ က ထုတ်လုပ်တဲ့ ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ဥရောပသမဂ္ဂမှာ အသုံးပြုခွင့်ပေးဖို့ ဇန်နဝါရီ ၂၉ ရက်မှာပဲ အတည်ပြုပေးခဲ့ပါတယ်။

 

အငြင်းပွားမှုဖြစ်ပေါ်လာ

 

ဒါပေမယ့်လည်း အက်စ်ထရာဇနီကာက ထုတ်လုပ်တဲ့ကာကွယ်ဆေး ဥရောပကိုတင်ပို့ရာမှာ နှောင့်နှေးကြန့်ကြာမှုတွေရှိနေတဲ့အတွက် ဥရောပသမဂ္ဂ နဲ့ အက်စ်ထရာဇနီကာ ဆေးကုမ္ပဏီတို့ကြားမှာ မကျေလည်မှုတွေ၊ အငြင်းပွားမှုတွေ ဖြစ်ပေါ်လာရပါတယ်။ နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်တဲ့ ဥရောပသမဂ္ဂအဖွဲ့ကြီးဟာ သူတို့နယ်မြေအတွင်းမှာ ထုတ်လုပ်တဲ့မည်သည့်ကာကွယ်ဆေး အမျိုးအစားမဆို တခြားနိုင်ငံတွေကို တင်ပို့တော့မယ်ဆိုရင် ဥရောပသမဂ္ဂအဖွဲ့ကြီးထံ ခွင့်ပြုချက်တောင်းခံဖို့ စီစဉ်ခဲ့ကြပါတယ်။ ဒီလိုမျိုးပြုလုပ်ရခြင်းဟာ အက်စ်ထရာဇနီကာကုမ္ပဏီကို ဆန့်ကျင်ပြီး ပြုလုပ်တဲ့ လှုပ်ရှားမှုလို့လည်း ယူဆလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဥရောပကို တင်ပို့မယ့် ကိုဗစ် - ၁၉ ကာကွယ်ဆေးပမာဏ ကို လျှော့ချလိုက်လို့ပါပဲ။ ဗြိတိန်ကို ကာကွယ်ဆေး ဆက်လက်ထောက်ပံ့ဖို့ ပြုလုပ်နေစဉ် ထုတ်လုပ်မှုအပိုင်းမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတဲ့အတွက် ဥရောပကို ကာကွယ်ဆေးပေးပို့မှုကို လျှော့ချလိုက်ရတာလို့ စွပ်စွဲ ထားပါတယ်။

 

စိုးရိမ်မှုတွေရှိနေ

 

အက်စ်ထရာဇနီကာနဲ့ အောက်စဖို့ဒ် တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကိုဗစ် - ၁၉ ကာကွယ်ဆေးဟာ အခြားသော ပြိုင်ဘက်ကာကွယ်ဆေးတွေဖြစ်တဲ့ မော်ဒါနာနဲ့ ဖိုက်ဇာတို့နဲ့ယှဉ်ရင် ပိုမိုဈေးချိုသလို ဖြန့်ဖြူးရလည်း ပိုမိုလွယ်ကူပါတယ်။ ဖိုက်ဇာဘိုင်ရွန်တက်ခ် ကာကွယ်ဆေးဟာ သယ်ယူဖြန့်ဖြူးရာမှာ ထိန်းသိမ်းမှုစနစ် အခက်အခဲကြောင့် လူကြိုက်နည်းပါတယ်။ ယခုအချိန်ထိ ဥရောပဆေးအေဂျင်စီကနေ ခွင့်ပြုပေးခဲ့တဲ့ကိုဗစ် - ၁၉ ကာကွယ်ဆေးတွေဟာ အသက်၁၈နှစ်နှင့် အထက်ကိုသာ ကာကွယ်ဆေးထိုးဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ကာကွယ်ဆေး အတည်ပြုပေးဖို့အတွက် လက်တွေ့စမ်းသပ်မှုတွေမှာ အချက်အလက်အချို့ ကင်းမဲ့နေတာ အထူးသဖြင့် အသက် ၆၅ နှစ်နှင့်အထက် လူတွေမှာကာကွယ်ဆေး အစွမ်းထက်မှုရှိ မရှိ အချက်အလက်မလုံလောက်တာကြောင့် ကာကွယ်ဆေး အတည်ပြုပေးရာမှာ စိုးရိမ်မှုတွေရှိနေပါတယ်။

 

အဟန့်အတားတွေဖြစ်စေခဲ့

 

အမေရိကန်ပြည်ထောင်စုကတော့ နောက်ထပ် အချက်အလက်တွေ စောင့်ဆိုင်းနေဆဲပါပဲ။ အီးယူအဖွဲ့ င် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျာမနီကတော့ အသက် ၆၅ နှစ်အရွယ်တွေအတွက်သာ ခွင့်ပြုထားပါတယ်။ အက်စ်ထရာဇနီကာကုမ္ပဏီရဲ့ ဥရောပကိုဆေးတင်ပို့မှု လျှော့ချလိုက်တဲ့အတွက် ဥရောပသမဂ္ဂ အဖွဲ့ကြီးအတွင်းမှာ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းတွေ အဟန့်အတားတွေဖြစ်စေခဲ့ပါတယ်။ ဥရောပသမဂ္ဂဟာ အက်စ်ထရာဇနီကာ ကုမ္ပဏီကို ဆေးထုတ်လုပ်မှုလုပ်ငန်းတွေ အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၄၀၈ သန်း ပေးဖို့သဘောတူထားပါတယ်။ ဥရောပသမဂ္ဂမှာတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းကစလို့ မော်ဒါနာနဲ့ ဖိုက်ဇာ ဘိုင်ရွန်တက်ခ် ကာကွယ်ဆေးတွေကို စတင်သုံးစွဲခဲ့ပါတယ်။

 

အခက်အခဲအကျပ်အတည်းတွေရှိ

 

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအတွင်း ကာကွယ်ဆေး ထိုးနှံပေးရေးလုပ်ငန်းတွေမှာတော့ အခက်အခဲအကျပ် အတည်းတွေရှိနေတုန်းပါပဲ။ ၂၀၂၁ ခုနှစ် ရဲ့ ပထမနှစ်ဝက် ကာလအတွင်းမှာ အက်စ်ထရာဇနီကာကုမ္ပဏီဟာ ဥရောပသမဂ္ဂကို ဆေးတင်ပို့ဖို့အတွက် မူလကသဘောတူထားတာ ထက် ၆၀ ရာခိုင်နှုန်းလျော့နည်းပြီး ပေးပို့မယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။ ဘယ်လ်ဂျီယံမှာရှိတဲ့ ဆေးထုတ်လုပ်ရေးနေရာမှာ ရှုပ်ထွေးမှုတွေရှိနေတဲ့အတွက် ယခုလို သတိပေးရတာပါလို့ ကုမ္ပဏီဘက်က အကြောင်းပြခဲ့ ပါတယ်။

 

ဆေးပြန်ရမယ့်အချိန်

 

ဥရောပသမဂ္ဂ အဖွဲ့ကြီးကတော့ အက်စ်ထရာဇနီကာ ကုမ္ပဏီဟာ မူလသဘောတူညီချက်ကို ပျက်ကွက်တာဖြစ်တယ်ဆိုပြီး တရားဝင်ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကာကွယ်ဆေးသာ မရဘူးဆိုရင် တရားဝင်အရေးယူသွားမယ်ဆိုပြီး ဥရောပသမဂ္ဂကနေ ဆေးထုတ်လုပ်ရေးကုမ္ပဏီတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ပထမဦးဆုံး ကိုဗစ် -၁၉ ကာကွယ်ဆေးတွေ ပေါ်ထွက်လာဖို့အတွက် ဥရောပသမဂ္ဂဟာ ငွေကြေးဘီလီယံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံမှု တွေပြုလုပ်ခဲ့ပါတယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူ လာဗွန်ဒါလီယန်က ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။ အခုအချိန်ဟာ ကုမ္ပဏီတွေဘက်ကနေ ဆေးပြန်ပေးရမယ့်အချိန်ပါပဲ။ ဆေးကုမ္ပဏီတွေဟာ သူတို့ရဲ့ တာဝန် ဝတ္တရားတွေကိုလေးစားလိုက်နာဖို့ ပြသရမယ့်အချိန်ပဲလို့ ဥရောပကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။

 

လက်ဦးမှုရယူ

 

ဗြိတိန်ဟာ အက်စ်ထရာဇနီကာ ကာကွယ်ဆေးကို ပထမဦးဆုံး ခွင့်ပြုချက်ပေးခဲ့တဲ့နိုင်ငံဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၈ ရက်ကစလို့ ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွေ စတင်ခဲ့ပါတယ်။ ဥရောပ သမဂ္ဂကတော့ အက်စ်ထရာဇနီကာ ကုမ္ပဏီအနေနဲ့ ဥရောပကိုဆေးတင်ပို့ဖို့ နောက်ကျတာဟာဆိုရင် ဗြိတိန်ကို ကာကွယ်ဆေးတွေ ဖြည့်ပေးနေရလို့ဆိုပြီး စွပ်စွဲပြောဆိုခဲ့ပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေကနေ ကာကွယ်ဆေးကို လက်ဝါးကြီးအုပ်ဝယ်ယူမှုတွေ ပြုလုပ်မှာကို စိုးရိမ်မိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေး ပြောကြားခဲ့ပါတယ်။ အစ္စရေးနိုင်ငံကတော့ ဖိုက်ဇာဆေးကုမ္ပဏီကို ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့အချက်အလက်တွေ ပြန်ပို့ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုနဲ့ ကာကွယ်ဆေးကို လက်ဦးမှုရယူနိုင်အောင် ကြိုးပမ်းခဲ့ပါတယ်။

 

နောက်ဆုတ်ပေးဖို့တောင်းဆို

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ တခြားသော နိုင်ငံတွေက တကယ်လိုအပ်နေတဲ့ ကာကွယ်ဆေးထိုးပေးရမယ့်လူတွေကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ဗြိတိန်နိုင်ငံ ရဲ့ ကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းတွေကို နည်းနည်းနောက်ဆုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဗြိတိန်နိုင်ငံဟာ ကိုဗစ် -၁၉ ကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခံစားနေရတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ကိုဗစ် -၁၉ ကာကွယ်ဆေးလိုအပ်နေတဲ့ အုပ်စုတွေကို ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့အရေး အခြားသောနိုင်ငံတွေကိုလည်း အခုလိုပဲ တောင်းဆိုထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ မာဂရက်ဟာရစ်က ပြောပါတယ်။ ဥရောပသမဂ္ဂနဲ့ အက်စ်ထရာဇနီကာ ဆေးကုမ္ပဏီတို့ကြား အငြင်းပွားမှုအပြီးမှာတော့ ဥရောပသမဂ္ဂ အဖွဲ့ကြီးအတွင်းကို နောက်ထပ် ကာကွယ်ဆေး ကိုးသန်းပေးပို့ပေးမယ်လို့ ဇန်နဝါရီ ၃၁ ရက်မှာ ကုမ္ပဏီဘက်က သဘောတူလိုက်ပါတယ်။ မတ်လအကုန်ရောက်တဲ့အခါမှာတော့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံက ပြည်သူတွေအတွက် ကာကွယ်ဆေး သန်း ၄၀ ရရှိတော့မှာပါ။

 

အရေအတွက်လျော့နည်းနေဆဲ

 

အခုလို နောက်ထပ်ကာကွယ်ဆေးတွေ ထပ်ပို့ပေး မယ်ဆိုပြီး သဘောတူခဲ့တဲ့အတွက် ဥရောပကော်မရှင် ဥက္ကဋ္ဌက ကြိုဆိုကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ကနဦးပေးပို့ပေးမယ့် ကာကွယ်ဆေးပမာဏ ကတော့ မူလသဘောတူထားတဲ့ အရေအတွက်ထက် လျော့နည်းနေတုန်းပါပဲ။ ။

 

ကိုးကား - ဝါရှင်တန်ပို့စ် ၊ အင်န်အိတ်ချ်ကေ