၅ ဖေဖော်ဝါရီ
ONE Championship က စီစဉ်သည့် UNBREAKABLE III အမည်ရပြိုင်ပွဲကို ယနေ့မြန်မာစံတော်ချိန် ည ၇ နာရီ က စင်ကာပူနိုင်ငံ၌ ကျင်းပရာ မြန်မာ MMA ကစားသမား ထီရယ်လ်ထန်သည် ဒုတိယအချီ၌ အနိုင်ရခဲ့ ကြောင်း သိရသည်။
ထီရယ်လ်ထန်သည် အင်ဒိုနီးရှားကစားသမား ပေါလ်လူမီဟီနှင့် တွေ့ဆုံခဲ့ပြီး ဒုတိယအချီ ၂ မိနစ် ၂၅ စက္ကန့်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထီရယ်လ်ထန်သည် ပထမအချီကတည်းက ပြိုင်ဘက်ကစားသမားကို အသာစီးမှ ထိုးသတ်နိုင်ခဲ့သော်လည်း ဒုတိယအချီမှသာ ပွဲသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ထီရယ်လ်ထန်သည် ဒုတိယအချီတွင် ပွဲသိမ်းနိုင်ရန်အတွက် အားပိုထည့်လာပြီး လက်သီးချက်များဖြင့် တရစပ် ထိုးသတ်ရာ ပေါလ်လူမီဟီ အထိနာလာပြီး ၂ မိနစ် ၂၅ စက္ကန့်တွင် ဒိုင်လူကြီးက အနိုင်ပေးခဲ့ခြင်းဖြစ်သည်။ ထီရယ်လ်ထန်သည် ONE Championship နှင့် လက်တွဲအပြီး သုံးပွဲထိုးသတ်ရာတွင် သုံးပွဲစလုံး အနိုင်ရထားသည်။
ထီရယ်လ်ထန်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ပြိုင်ပွဲထိုးသတ်ပြီးနောက်ပိုင်း တစ်နှစ်ကျော်ကြာမှ ပြန်လည် ထိုးသတ်ရသော်လည်း အကောင်းဆုံးပုံစံဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ- ONE Championship