၁၁ ဖေဖော်ဝါရီ
ဘရူနိုင်းကျန်းမာရေးဝန်ကြီးဌာနက တရုတ်နိုင်ငံကလှူဒါန်းသော Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အင်္ဂါနေ့က လက်ခံရရှိခဲ့ ယမန်နေ့ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၂၀၂၀ ခုနှစ် မတ်လက ကိုဗစ်-၁၉ ရောဂါကူးစက်မှုစတင်ဖြစ်ပွားချိန်က ဘရူနိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ အကူအညီများပေးအပ်ခဲ့ကြောင်း၊ ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုကို အလေးထားကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဘရူနိုင်းနိုင်ငံရှိ တရုတ်သံရုံး၏ ပြောကြားချက်အရ အင်္ဂါနေ့ကပြုလုပ်သော ထိုကာကွယ်ဆေးလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်းကြီးဌာန ဒုတိယဝန်ကြီး ဟာဂျီ အီဝမ် တက်ရောက်ခဲ့ပြီး ဘရူနိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ယုဟောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဟာဂျီအီဝမ်က နှစ်ရှည်လကြာ ရိုးရာချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံအကြား နက်ရှိုင်းသော အပြန်အလှန်ယုံကြည်မှုကိုထင်ဟပ်စေသည့် ဘရူနိုင်းပြည်သူများထံသို့ တရုတ်နိုင်ငံမှလှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအသုတ် လက်ခံရရှိသည့်အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်ကိုဗစ်ရောဂါကာကွယ်ဆေးများသည် ဘရူနိုင်းနိုင်ငံ ကိုဗစ်ရောဂါကူးစက်မှုများကျော်လွှားနိုင်ရေးတွင် အရေးပါသောအခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်မည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
နှစ်နိုင်ငံဆက်ဆံရေးကိုမြှင့်တင်ရန် အခွင့်အလမ်းတစ်ရပ်အဖြစ် တရုတ်-အာဆီယံ အပြန်အလှန်ဆွေးနွေးမှု နှစ် ၃၀ မြောက်နှစ်ပတ်လည်နေ့ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။
၂၀၂၀ ခုနှစ် မေလ ၆ ရက်က ပြည်တွင်းကူးစက်မှုနောက်ဆုံးဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၂ ဦးရှိရာ ၎င်းတို့အားလုံးမှာ ပြည်ပမှပြန်လာသူများ ဖြစ်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၃ ဦး ရှိသည်။
ယခုလက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါပြည်တွင်းကူးစက်မှုမရှိသည်မှာ ရက်ပေါင်း ၂၈၀ ကြာပြီ ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ သုံးဦး ရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၇၅ ဦး ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို