တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၆) သူရတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၈

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၆) သူရတပ်ခွဲ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗထူးမြို့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရေးပြကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူစိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးသီရိပျံချီစည်သူမောင်မောင်အေးနှင့်ဇနီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဇေယျကျော်ထင်စည်သူ ဦးအောင်ဇော်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ဗထူးတပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ကျောင်းဆင်း ဗိုလ်လောင်းများ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(ဗထူး)မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းသည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ဗိုလ်လောင်းတပ်ခွဲများအား လိုက်လံစစ်ဆေးသည်။ ထို့နောက် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲများ၏ အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြု ခြင်းကိုခံယူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူစိုးဝင်းသည် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၆)မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း အမှတ် ၂ ၊ ဗိုလ်လောင်း မောင်မောင်မြင့်မြတ်အား ငွေဓားဆုချီးမြှင့်ပေးအပ်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ကိုယ်စားနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် “တပ်မတော်(ကြည်း)တွင် အရည်အချင်း ပြည့်ဝသောအရာရှိများ ဖြစ်ပေါ်လာ စေရန်နှင့် ခြေလျင်တပ်စုတစ်စုကို ပိုင်နိုင်စွာကွပ်ကဲ၍ စစ်မြေပြင်တွင် တိုက်ပွဲဝင်နိုင်စေရန်” ဆိုသည့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၏ ရည်ရွယ်ချက်နှင့်အညီ ခေါင်းဆောင်ငယ်များ တတ်မြောက်ကျွမ်းကျင်အပ်သည့် အခြေခံစစ်ပညာ၊ကွပ်ကဲမှု၊ ခေါင်းဆောင်မှုပညာရပ်များနဲ့ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ပညာရပ်များကို စွဲမြဲစွာမှတ်သားပြီး တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့များတွင် စစ်ဘက်ခေါင်းဆောင်ငယ်များအဖြစ် နိုင်ငံတော်နှင့်တပ်မတော်က ပေးအပ်လာသည့် တာဝန်များကို ဦးလည်မသုန် ထွန်းပေါက်အောင်မြင်အောင် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

တပ်မတော်တွင် စစ်ဘက်ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်သည့်အတွက် ဒို့တပ်မတော်၏ သမိုင်းကြောင်းနှင့် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်၏ အဓိကအင်အားစုကြီးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်များကို သိရှိထားရန်လိုကြောင်း။ တပ်မတော်ကို ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)မှ သန္ဓေတည်ခဲ့ပြီး ၁၉၄၂ ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော်(BDA)၊ ၁၉၄၃ ခုနှစ်တွင် ဗမာ့အမျိုးသား တပ်မတော်(BNA)၊ ၁၉၄၅ ခုနှစ်၊ ဇူလိုင်လတွင် မျိုးချစ်ဗမာ့တပ်မတော်(PBF)နှင့် စက်တင်ဘာလတွင် ဗမာ့တပ်မတော်(Burma Army)အဖြစ် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ခိုင်မာသည့် အမျိုးသားရေးအင်အားစုကြီးအဖြစ်ပြည်သူ့ရှေ့က ဦးဆောင်ကာ မြန်မာ့လွတ်လပ်ရေးကို ရယူကာကွယ်ထိန်းသိမ်းလာသည်မှာ ယခုနှစ်ဇန်နဝါရီလ ၄ ရက်တွင် (၇၅)နှစ်မြောက်စိန်ရတုတိုင် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း။

တပ်မတော်သည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၁ ခုနှစ်အထိ ပြည်ပကျူးကျော်မှု အန္တရာယ်အမျိုးမျိုးကို အသက်သွေးချွေး မြောက်မြားစွာ ရင်းနှီးပြီးကာကွယ်စောင့်ရှောက်ခဲ့ကြောင်း။ ထို့အပြင် ၁၉၅၈ ခုနှစ် နိုင်ငံရေးအကျပ်အတည်း၊ ၁၉၆၂ ခုနှစ် ပြည်ထောင်စုပြိုကွဲမည့်အန္တရာယ်၊ ၁၉၈၈ခုနှစ် ဆူပူမှုအရေးအခင်းနှင့် အုပ်ချုပ်ရေးယန္တရားပျက်ပြားမှုစသည့် နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားလှသည့် အရေးကိစ္စတို့နှင့် ကြုံတွေ့ခဲ့ချိန်တိုင်းတွင်လည်း တပ်မတော်အနေနှင့် မှန်ကန်သည့်ရပ်တည်ချက်၊ အမျိုးသားရေးခံယူချက်တို့နှင့်အတူ နိုင်ငံတော်အပေါ်သစ္စာရှိစွာ ကာကွယ်စောင့်ရှောက်ခဲ့ကြောင်း။

တပ်မတော်အနေဖြင့် ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလများတွင်လည်း နိုင်ငံတော်အချုပ်အခြာအာဏာကို ရန်ပြုလာခဲ့သည့် သောင်းကျန်းသူမှန်သမျှကို အောင်မြင်စွာ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း။ ထို့အပြင် ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးလမ်းကြောင်းပေါ်ကို ရောက်ရှိအောင် ဆောင်ရွက်ပေးခဲ့ကြောင်း။ သို့သော် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါတီသည် နိုင်ငံအာဏာကို မတရားသည့်နည်းနှင့် ရယူရန် ကြိုးစားခဲ့ရာက မဲမသမာမှုအရေအတွက် ၁၁ သန်းကျော်အထိ ဖြစ်ပျက်မှုအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုလွှတ်တော်နှင့် သက်ဆိုင်ရာအစိုးရတို့မှ ဥပဒေနှင့်အညီဖြေရှင်းရန် အကြောင်းအမျိုးမျိုးပြ ငြင်းဆန်ခဲ့သည့်အပြင် လွှတ်တော်အသစ်နှင့် အစိုးရအဖွဲ့အသစ်ဖွဲ့စည်းရန် အထိအဓမ္မကြိုးပမ်း လုပ်ဆောင်လာခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့တွင် နိုင်ငံ့အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းခဲ့ရသည်ကို ရဲဘော်တို့ အသိပဲဖြစ်ကြောင်း။ တိုင်းပြည်တည် ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်နှင့် အမျိုးသားရေးရည်မှန်း ချက်(၂)ရပ်တို့ကို ချမှတ်ကာ ဆောင်ရွက်ခဲ့ကြောင်း။ တာဝန်ယူစဉ် ကာလတွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ် နိုင်ရေးအတွက်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အနေဖြင့် “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် မူဝါဒကိုချမှတ်ပြီး ကာကွယ်ခြင်း၊ ကုသခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းအပြင် နိုင်ငံတော်၏ငွေကြေး၊ မိတ်ဆွေစစ်နိုင်ငံများ၏ ပံ့ပိုးကူညီမှုများဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ ပြည်သူများနှင့် အတူလက်တွဲပြီး ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများထက် အသက်ဆုံးရှုံးမှုအန္တရာယ်နှင့် ရောဂါပြန့်ပွား ကူးစက်မှုသည် အချိန်တိုအတွင်း အံ့အားသင့်ဖွယ်လျော့နည်းခဲ့သည်ကို တွေ့ရမှာဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု၊ နိုင်ငံတော်အစိုးရအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုကြောင့် ယခင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ ဘဏ္ဍာရေးနှစ်တွင် GDP တိုးတက်နှုန်းသည် အနုတ် ၅.၉ ရာခိုင်နှုန်း ရှိရာမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လ အထိ ၆ လ Mini ဘဏ္ဍာရေးနှစ်မှာ ၂.၄ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ ဘဏ္ဍာရေးနှစ်ကုန် ယာယီခန့်မှန်းခြေအရ ၃.၄ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိမည်ဟု ခန့်မှန်းထားပါကြောင်း။ ထိုသို့ တိုးတက်လာခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့် တစ်နိုင်ငံလုံး၏စုပေါင်းအားများကြောင့်ပင် ဖြစ်ကြောင်း။

ထို့အပြင် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် နိုင်ငံ့စီးပွားပိုမိုမြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ဒေသထွက် ကုန်ကြမ်းမှ အဆင့်မြင့်ကုန်ချောထုတ်လုပ်ခြင်း၊ သွင်းကုန်အစားထိုး ပို့ကုန်တိုးမြှင့်ခြင်း ဆောင်ရွက်နိုင်ရေး MSME အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် မအားလပ်သည့် အလုပ်တာဝန်များကြားကပင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးသို့ ကွင်းဆင်းပြီး လုပ်ငန်းများဖြစ်ထွန်းအောင်မြင်ရေး အားသွန်ခွန်စိုက်အားပေးတိုက်တွန်းဆောင်ရွက်နေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။ ဆက်လက်၍လည်း တပ်မတော်အနေဖြင့် မည်သည့်ခေတ်ပင်ဖြစ်စေ၊ မည်သည့်အစိုးရပင်ဖြစ်စေ "ပြည်သူသာ အမိ၊ ပြည်သူသာအဖ" ဟုခံယူပြီး နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီစနစ်ပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်နိုင်ရန်အတွက် ထိန်းသိမ်းစောင့်ရှောက်ပေးသူနှင့် ပြည်သူလူထု အကျိုးအတွက် ကာကွယ်စောင့်ရှောက်နေသူ Guardian အဖြစ် အစဉ်အမြဲ ဆက်လက်တည်ရှိနေမှာ ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံတွင်ဖြစ်စေ၊ အဖွဲ့အစည်းအသီးသီးတွင်ဖြစ်စေ ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း။ ကမ္ဘာတစ်ဝှမ်းတွင်လည်း နိုင်ငံ့အကြီးအကဲ၏ ဦးဆောင်မှုကောင်းမွန်သည်နှင့်အမျှ ပြည်သူအများစုသည်လည်း ပိုမို၍စည်းလုံးညီညွတ်လာကြပြီး စည်းလုံးညီညွတ်မှုအားကြောင့် ၎င်းနိုင်ငံသည် တိုးတက်စည်ပင် သာယာဝပြောစေခဲ့သည်ကို ကမ္ဘာ့သမိုင်းတစ်လျှောက် တွေ့မြင်ကြရမှာဖြစ်ကြောင်း။ ထို့ကြောင့် ကိုယ်တိုင်စံနမူနာပြ ခေါင်းဆောင်ဖြစ်အောင် ကျင့်ကြံနေထိုင်ကြပြီး လက်အောက်က ယုံကြည်အားကိုးလာအောင် ဦးဆောင်ကြရ မှာဖြစ်ကြောင်း။ မည်သည့် အဖွဲ့အစည်းဖြစ်စေ ကွပ်ကဲအုပ်ချုပ်သည့် ခေါင်းဆောင် များသည် အရည်အသွေးနှင့်အရည်အချင်းရှိမှသာ တိုးတက်မှာဖြစ်ပြီး ခေါင်းဆောင်မှု အရည်အသွေးညံ့ဖျင်းလျှင် ၎င်းအဖွဲ့အစည်းတစ်ခုလုံး ဆုံးရှုံးနစ်နာသွားမည်ဖြစ်သည့် အတွက် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြမည့် သူများသည် မိမိတို့ ကွပ်ကဲအုပ်ချုပ်ရသည့် တပ်ဖွဲ့ဝင်များအပေါ် မှန်ကန်သည့် ခေါင်းဆောင်မှုများပေးရန်လိုအပ်ကြောင်း။

ခေါင်းဆောင်မှုနှင့်ပတ်သက်၍ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၄)သင်တန်းဆင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က "ခေါင်းဆောင်မှု ပညာရပ်ဆိုတာ ကျယ်ပြန့်နက်ရှိုင်း လှတာကြောင့် လေ့လာရင်လေ့လာသလောက် အကျိုးရရှိမှာဖြစ်ကြောင်း၊ ငယ်သားဖြစ်ချိန်မှာ နောက်လိုက်ကောင်း တစ်ယောက်ဟာ နောင်တစ်ချိန်မှာ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ အစပဲဖြစ်ကြောင်း" ဟု မိန့်မှာချက်ကိုလည်း သိရှိလိုက်နာရန် လိုအပ်ကြောင်း။

ခေါင်းဆောင်များသည် အသိပညာ၊ အတတ်ပညာများနှင့်လည်း ပြည့်စုံရမှာ ဖြစ်သလို ၎င်းအသိပညာ၊ အတတ်ပညာများကို ကောင်းမွန်သည့် အတွေးအခေါ်နှင့် ပေါင်းစပ်ပြီး မှန်ကန်သည့်ခေါင်းဆောင်မှု၊ ဥပဒေနှင့်ညီညွတ်သည့်အမိန့်၊ မျှတသည့် ဆုံးဖြတ်ချက်များနှင့် မိမိတို့ကွပ်ကဲရသည့်တပ်ဖွဲ့ကို တိုးတက်အောင်မြင်အောင် စနစ်တကျ ဦးဆောင်သွားကြရမှာဖြစ်ကြောင်း။

ခေါင်းဆောင်များသည် မည်သည့်တာဝန်ကိုမဆို လိုအပ်သလို မိဘသဖွယ်စိတ်ထား၊ ခေါင်းဆောင်သဖွယ် စိတ်ထားတို့ဖြင့် ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး ဆောင်ရွက်ကြရန်လိုကြောင်း။ သို့မှသာ လက်အောက်ငယ်သားများ၏ အားကိုးယုံကြည်လေးစားမှုနှင့်သစ္စာ စောင့်သိရိုသေမှုကို အပြည့်အဝရရှိမှာဖြစ်ပြီး ပေးအပ်သည့် မည်သည့်ရည်မှန်းချက်တာဝန်များကိုမဆို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း။ ထို့အပြင် စစ်မြေပြင်တွင်လည်း သင်ကြားပေးလိုက်သည့် စစ်ပညာများကို ထိရောက်စွာ အသုံးချနိုင်ရန်လိုအပ်သလို လက်အောက်ငယ်သားများ လိုက်ပါ ဆောင်ရွက်နိုင်အောင်လည်း ဦးဆောင်မှုပေးနိုင်ရမည့်အပြင် သတ္တိ၊ ဗျတ္တိနှင့် ရဲရဲရင့်ရင့် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိရမှာဖြစ်ကြောင်း။

ခေါင်းဆောင်မှု အရည်အချင်းပြည့်ဝနေရန်အတွက် ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ချက်နှင့်အညီ လိုက်နာ၊ ကျင့်ကြံကြိုးစား လုပ်ဆောင်ကြရန်နှင့် မိမိအဖွဲ့အစည်းက အားကိုးရသည့်ခေါင်းဆောင်ကောင်းများ ဖြစ်ရန်အတွက် မိမိ၏ကိုယ်ရည်ကိုယ်သွေးကိုလည်း တိုးတက်အောင်ထာဝရကြိုးစား ဆောင်ရွက်သွားကြရန် လိုကြောင်း။

တပ်မတော်သားများသည် တိုင်းပြည်ကိုကာကွယ်ရန်ဆိုသည့် အခြေခံစိတ်ဓာတ် ကောင်းများနှင့် တပ်မတော်သို့ မိမိဆန္ဒအလျောက် ဝင်ရောက်လာသူများဖြစ်သည့် အတွက် တိုက်ပွဲဝင်ရာတွင် “ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း”ဆိုသည့် တိုက်ပွဲဝင် စိတ်ဓာတ်များ ရှိရမှာဖြစ်ကြောင်း။ ထိုသို့အခြေခံစိတ်ဓာတ်နှင့် တိုက်ပွဲဝင်စိတ်ဓာတ်များ ပိုမိုခိုင်မာအောင် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဖြစ်စေသည့် သုတ၊ ရသစသည့် စာကောင်းပေမွန်များကို ရသည့်အချိန်တွင် ဖတ်ရှုရန်လိုအပ်ကြောင်း။ စာဖတ်ခြင်းကပေးသည့် ဗဟုသုတနှင့်အသိပညာများသည် စာဖတ်သူ၏ အတွေးအခေါ်အယူအဆများကို မြင့်မားစေသည့်အပြင် ကိုယ်ကျင့်တရားနှင့် စိတ်ဓာတ်ခိုင်မာကောင်းမွန်မှုများကိုလည်း ရရှိစေနိုင်မှာဖြစ်ကြောင်း။ စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်ယုံနှင့် မလုံလောက်ဘဲ ကျန်းမာကြံ့ခိုင်ရန်အတွက် မိမိတို့ကိုယ်တိုင်နှင့် လက်အောက်စစ်သည်များကိုပါ ကိုယ်စိတ်ကျန်းမာသန်စွမ်းအောင် အစဉ်လေ့ကျင့်နေရန် လိုကြောင်း။

အနာဂတ်တွင် စစ်ဘက်ခေါင်းဆောင်များ ဖြစ်လာကြမည့်သူများအနေဖြင့် တပ်မတော်က ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ ၎င်းသည်စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် ခေါင်းဆောင်တိုင်း၏ အမူအကျင့်နှင့် အလေ့အထ ပင်ဖြစ်ကြောင်း။ ထို့အပြင် ကျန်းမာကြံ့ခိုင်မှုကို ထိခိုက်စေမည့် အပျော်အပါး၊ အသောက်အစားကင်းစွာနှင့် တပ်မတော်သားဘဝကို တန်ဖိုးရှိရှိနေထိုင်ရမှာဖြစ်သလို မိမိဝင်ငွေနှင့်ထွက်ငွေကိုလည်း မျှတအောင်သုံးစွဲတတ်ရန်လိုကြောင်း၊ ထို့ကြောင့် ကျန်းမာရေးကို ထိခိုက်စေမည့်အပြုအမူ၊ အနေအထိုင်ကအစ ဆေးလိပ်၊ ကွမ်း၊ အရက်သေစာနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းများကို လုံးဝ(လုံးဝ) မပြုလုပ်ကြရန် အပ်သလို ကိုယ်ကျင့်တရားပိုမိုကောင်းမွန်ရန်အတွက်လည်း ဘာသာရေး၊ လူမှုရေးအဆုံးအမများနှင့် ကျင့်ကြံနေထိုင်ကြရန်လည်း လိုကြောင်း။

တပ်မတော်သည် နိုင်ငံတကာတပ်မတော်များကဲ့သို့ တိကျခိုင်မာသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျဖွဲ့စည်းထားသည့် တပ်မတော်တစ်ရပ် ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး ကဏ္ဍအတွက်အရေးပါသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှု၊ အထက်အောက်အပြန်အလှန် လေးစားမှုနှင့် ရဲဘော်ရဲဘက်စိတ်တို့ကိုမွေးမြူပြီး တပ်မတော်သားကောင်းတစ်ယောက် ဖြစ်အောင်နေထိုင်သွားရန် လိုကြောင်း။

နိုင်ငံတစ်ခုသည် ပြည်သူအများစု စည်းကမ်းလိုက်နာမှုအားနည်းခြင်းနှင့် အကျင့်စာရိတ္တအားနည်းခြင်းများ ဖြစ်လာပါက ပြိုကွဲပျက်စီးမှုအမျိုးမျိုးကို ကြုံတွေ့ နိုင်ကြောင်း၊ ထို့ကြောင့် စည်းကမ်းလိုက်နာမှုသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတတ်မှုအတွက် အဓိကအရေးကြီးဆုံးအချက်ဖြစ်ပြီး စည်းကမ်းမရှိသည့် တပ်မတော်သည်လည်း တပ်ပျက်သွားနိုင်ကြောင်း၊ ယနေ့အချိန်ထိ မိမိတို့တပ်မတော်အနေဖြင့် မယိမ်းမယိုင် ခိုင်ခိုင်မာမာရပ်တည်နေနိုင်ခြင်းသည် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှု အားကောင်းခြင်းများကြောင့်ပင်ဖြစ်ကြောင်း။ စည်းကမ်းလိုက်နာခြင်း၊ အမိန့်နာခံတတ်ခြင်းတို့သည် မိမိဘဝတိုးတက်မှုများကိုရရှိစေနိုင်ပြီး စစ်မြေပြင်တွင် အောင်ပွဲများ ရယူနိုင်ကြောင်း။

စစ်စည်းကမ်းသည် တပ်မတော်၏ အဓိကကျောရိုးမဏ္ဍိုင်ဖြစ်၍ စည်းကမ်းရှိပါမှ စွမ်းဆောင်ရည်ထက်မြက်မြင့်မားပြီး ပြည်သူလူထုတစ်ရပ်လုံး၏ ယုံကြည်ကိုးစားမှု အားပေးထောက်ခံမှုကို ရရှိမှာဖြစ်ကြောင်း။ ထို့ကြောင့် မိမိကိုယ်တိုင်လည်း အသေးအဖွဲစည်းကမ်းကအစ စံနမူနာပြဖြစ်အောင်နေထိုင်ကျင့်ကြံပြီး လက်အောက်ငယ်သားများကို လိုက်နာမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း။ စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှုဆိုသည့် တပ်တိုင်းရဲဘော်တိုင်း ထားရှိရမည့် အခြေခံအရည်အချင်း(၅)ပါးနှင့် ပြည့်စုံနေအောင် ကြိုးစားသွားရန်လိုကြောင်း။

တပ်မတော်သည် နယ်ဘက်ဥပဒေနှင့် စစ်ဘက်ဥပဒေများသာမက ဂျီနီဗာကွန်ဗင်းရှင်း အပါအဝင် စစ်ပွဲဆိုင်ရာဥပဒေများကိုလည်း လိုက်နာရသည့်အဖွဲ့ အစည်းဖြစ်ကြောင်း။ ထို့ကြောင့် ဥပဒေနှင့်ပတ်သက်၍ စစ်သည်အဆင့်အတန်းအားလုံး ရှင်းလင်းစွာသိရှိစေရေး လေ့ကျင့်ပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့်မညီဘဲ ပြစ်မှုကျူးလွန်ခဲ့လျှင်လည်း ပွင့်လင်းမြင်သာစွာ ထိထိရောက်ရောက် အရေးယူဆောင်ရွက် လျက်ရှိကြောင်း။ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းဖြင့် မိမိတို့တပ်မတော်သာမက နိုင်ငံ၏ပုံရိပ်ကိုလည်း နိုင်ငံတကာအလယ်တွင် တင့်တယ်စေမှာဖြစ်ကြောင်း။ ထို့အပြင်စစ်ဆင်မှုများ ဆောင်ရွက်ရာတွင်လည်း ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း(Rules Of Engagement-ROE)ကိုလည်း မိမိကိုယ်တိုင်နှင့် လက်အောက် ငယ်သား များပါနားလည်ပြီး ဆောင်ရွက်ကြရန်လိုကြောင်း။

လေ့ကျင့်ရေးနှင့်ပတ်သက်၍ မှာကြားလိုသည်မှာ (၇၈)နှစ်မြောက် တပ်မတော် နေ့စစ်ရေးပြအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “တပ်မတော်သား အဆင့်အတန်း အားလုံးအနေနဲ့လည်း လက်ဝယ် ပိုင်ဆိုင်ထားသည့် ခေတ်မီ လက်နက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုနိုင်ဖို့နဲ့ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်မှာ ကျွမ်းကျင်ဖို့အတွက် လေ့ကျင့်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက် နေကြရမှာဖြစ်ကြောင်း။ အဲ့ဒီလိုလေ့ကျင့်သည့်နေရာမှာ စစ်သည်တစ်ဦးချင်း လေ့ကျင့်ရေးနဲ့ တပ်ဖွဲ့လိုက်လေ့ကျင့်ရေးများပါဝင်ပြီး လေ့ကျင့်ရေးမူဝါဒများနဲ့အညီ ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း။ စစ်သည်တိုင်း မိမိတို့တစ်ဦးချင်း နေ့စဉ်လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို မှန်မှန်ကန်ကန်လုပ်ဆောင်နေခြင်းဟာလည်း လေ့ကျင့်ရေးဆောင်ရွက်နေတာပဲ ဖြစ်ကြောင်း။ တပ်မတော်ရဲ့ အရည်အချင်းဟာ လူတစ်ဦးစီရဲ့ စွမ်းရည်ပေါ်မှာအခြေခံပြီး စစ်လက်နက်ပစ္စည်းများ၏ စွမ်းအားနဲ့ပေါင်းစပ်ရတာ ဖြစ်သည့်အတွက် တစ်ဦးချင်း စွမ်းရည်မြင့်မားရေးကို အလေးအနက်ထား လုပ်ဆောင်ကြရန်” ဟု တိုက်တွန်း မှာကြားခဲ့ကြောင်း။

ထို့ကြောင့် လေ့ကျင့်ရေးနှင့်ပတ်သက်ပြီး တစ်ဦးချင်းအနေနှင့်ရော အဖွဲ့လိုက်အနေနှင့်ပါ လိုက်ပါလုပ်ဆောင်တတ်စေရန် တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်းတော်ကြီးက လေ့ကျင့်သင်ကြား ပေးလိုက်ပြီးဖြစ်ကြောင်း။ ကျောင်းက သင်ကြားပေး လိုက်သည့် အသိပညာ၊ အတတ်ပညာများကို မမေ့မလျော့အောင် “အမြဲတမ်းလေ့ကျင့်ရမည်၊ အမြဲတမ်း စစ်ရေးသတိရှိရမည်၊ အမြဲတမ်း တိုက်ပွဲဝင် အသင့် ဖြစ်ရမည်” ဆိုသည့် မြဲသုံးမြဲကို လက်ကိုင်ထားပြီး "လေ့လာ၊ လေ့ကျင့်၊ လိုက်နာ" ဆိုသည့် လေ့ကျင့်ရေး လုပ်ငန်းစဉ်အတိုင်း မိမိကိုယ်တိုင်နှင့် လက်အောက် ငယ်သားများကိုပါ လိုက်ပါဆောင်ရွက်လာအောင် ကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် သင်တန်းကျောင်းတွင် သင်ကြားလေ့ကျင့်ခဲ့ရသည့် စစ်ပညာများကို လက်တွေ့နယ်ပယ်တွင် ထိရောက်စွာအသုံးချကြနိုင်ရန် လိုကြောင်း။

နိုင်ငံတော်ကာကွယ်ရေးတွင် တပ်မတော်၏ဦးဆောင်မှုနှင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်နိုင်ရန်အတွက် တပ်တွင်း၊ တပ်ပြင်စည်းရုံးရေး လုပ်ငန်းများကို အလေးအနက်ထားဆောင်ရွက်သွားရန်လိုကြောင်း။ တပ်တွင်းစည်းလုံး ညီညွတ်ရေးသည် တပ်မတော်အတွက် အရေးကြီးပြီး တပ်မတော်သားများနှင့် မိသားစုဝင်များကို တစ်စည်းတစ်လုံးတည်း ကျစ်လျစ်ခိုင်မာအောင် တည်ဆောက်ခြင်း ပင်ဖြစ်ကြောင်း။ လက်ရှိကာလသည် တပ်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲစေရန်နှင့် တပ်မတော်အင်အားချိနဲ့စေရန် နည်းမျိုးစုံနှင့် ဘက်ပေါင်းစုံက ပြည်တွင်း၊ ပြည်ပ အဖျက်အမှောင့် ပြုနေကြသူများ၊ အဖွဲ့အစည်းများနှင့် မီဒီယာများက ကြိုးပမ်း ဆောင်ရွက်နေကြသဖြင့် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ယူကြသူများအနေဖြင့် စစ်စည်းကမ်း၊ အုပ်ချုပ်မှုဆိုင်ရာ အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ လက်အောက်ကပါ လိုက်နာဆောင်ရွက်နေရန် ကြပ်မတ်ဦးဆောင်ကြရန်လိုအပ်ကြောင်း၊ အဓိကအနေဖြင့် တပ်မတော်သားများသည် စစ်သည်တော်ကျင့်ဝတ် ၆၀ ပါးကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ လိုက်နာကျင့်ကြံ နေထိုင်ကြရမည်ဖြစ်သည့်အပြင် မိမိတို့ရောက်ရှိရာဒေသရှိ ပြည်သူလူထုကိုလည်း တတ်စွမ်းသရွေ့ ကူညီဆောင်ရွက် ပေးကြရမှာဖြစ်ကြောင်း။

စည်းရုံးရေးနှင့်ပတ်သက်လို့ တပ်မတော်စည်းရုံးရေး ဗဟိုဦးစီးကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတွင် တပ်မတော်စည်းရုံးရေးဗဟို ဦးစီးကော်မတီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က "စည်းရုံးရေးဆိုသည်မှာ မိမိဖြစ်စေချင်သည့် အရာကို အခြားလူတစ်ယောက်က ၎င်း၏သဘော ဆန္ဒအလျောက် ပူးပေါင်းဆောင်ရွက် လာစေခြင်းကို စည်းရုံးရေးဟုခေါ်ကြောင်း၊ စည်းရုံးရေးတွင် အပိုင်းနှစ်ပိုင်း ပါဝင်ကြောင်း၊ ပထမအချက်မှာ တပ်မတော်သား များနဲ့ပတ်သက်သည့် စည်းရုံးရေးအပိုင်းဖြစ်ပြီး ဒုတိယအချက်မှာ တိုင်းပြည်နဲ့ပတ်သက်သည့် စည်းရုံးရေး အပိုင်းဖြစ်ကြောင်း၊ စည်းရုံးရေးလုပ်ငန်းတွင် လူတစ်ဦးချင်း Individual စည်းရုံးရေးဆောင်ရွက်ခြင်းလည်းပါဝင်ကြောင်း၊ Self Control ပြုလုပ်ခြင်းသည် မိမိကိုယ်ကိုစည်းရုံးခြင်းဟု ဆိုနိုင်မည် ဖြစ်ကြောင်း၊ မိမိကိုယ်ကို စည်းရုံးခြင်းဆိုသည်မှာ စိတ်ဓာတ်ရေးရာအရ၊ စည်းကမ်းရေးရာအရ မိမိကိုယ်ကိုကောင်းမွန်စွာ နေထိုင်ပြုမူတတ်စေရန် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်က ကောင်းမွန်မှုမရှိရင် အခြားလုပ်ငန်းများ ဆောင်ရွက်မှုမှာလည်း ကောင်းမွန်ရန်ခက်ခဲမည် ဖြစ်ကြောင်း၊ မိမိကိုယ်ကို Self Control မလုပ်နိုင်သည့်အတွက် မိသားစုမှာလည်း ကောင်းမွန်သည့်အခွင့်အရေးများ ရရှိနိုင်မှုနည်းပါး သွားမည်ဖြစ်ကြောင်း၊ မိသားစုအနေနဲ့လည်း မိမိကိုကြည့်၍ စိတ်မချမ်းမြေ့ခြင်း ဖြစ်ပေါ်ကာ မိသားစုဘဝကို ထိခိုက်လာနိုင်ကြောင်း၊ ဒါ့ကြောင့် ကိုယ့်ကိုကိုယ် ကောင်းမွန်အောင်နေထိုင်ဖို့ အရေးကြီးကြောင်း" ဟုထည့်သွင်းမှာကြားသွားခဲ့ကြောင်း။

ထို့ကြောင့် တပ်တွင်းစည်းရုံးရေးကို ရေပက်မဝင်သည့် စည်းရုံးရေးမျိုးဖြစ်အောင် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်များနှင့် တည်ဆောက်သွားကြရန်နှင့် မိမိတို့ကိုယ်တိုင် အမိန့်နှင့်ညွှန်ကြားချက်များအတိုင်း စနစ်တကျနေထိုင်ရန်လိုအပ်ပြီး တပ်ပြင်စည်းရုံးရေး ရရှိအောင်လည်း မိမိကွပ်ကဲရသည့် တပ်ဖွဲ့ဝင်များကို ပြည်သူလူထုအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်များနှင့် အညီနေထိုင်နိုင်ရေး သင်ကြား ကြပ်မတ်သွားကြရန် လိုအပ်ကြောင်း။

နိုင်ငံ၏ သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါက လွတ်လပ်ရေးရပြီးကာလတွင် ပါလီမန်ဒီမိုကရေစီစနစ်၊ တစ်ပါတီဗဟိုဦးစီးစနစ်နှင့်တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ တောင်းဆိုခဲ့မှုအရ ယနေ့ပါတီစုံဒီမိုကရေစီစနစ်စသဖြင့် နိုင်ငံရေးစနစ်များ ပြောင်းလဲကျင့်သုံးခဲ့ကြောင်း။ ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်သားများ အားလုံးကလည်း တစ်ခဲနက်ထောက်ခံခဲ့ပြီး စတင်ကျင့်သုံးရာ နောက်ပိုင်းအချို့ နိုင်ငံရေးကိစ္စများတွင် တက်ရောက်လာသည့် အစိုးရနှင့် တပ်မတော်အကြား သဘောထားမတိုက်ဆိုင်မှုများ ရှိခဲ့သော်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာစေရေးရှေ့ရှု၍ တပ်မတော်အနေနှင့် ပြည်သူလူထုက ရွေးချယ်သည့် အစိုးရအဖွဲ့များနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း။

လွတ်လပ်ရေးရရှိစဉ်ကာလမှ ယနေ့အထိ အစိုးရအမျိုးမျိုး၊ စနစ်အမျိုးမျိုးနှင့် နိုင်ငံတော်ကို ကြိုးစားတည်ဆောက်သည့်သူများလည်းရှိခဲ့ကြကြောင်း။ နိုင်ငံတော်အကျိုးကို ကျရာတာဝန်ကနေ ကြိုးပမ်းဆောင်ရွက်ခဲ့ကြမှုများသည် သမိုင်းတွင် မှတ်တိုင်အဖြစ်ရှိနေမှာပင် ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ရေးရရှိပြီးနောက် ယနေ့ အထိ ၇၅ နှစ်တာကာလအတွင်း နိုင်ငံ့အကျိုး သယ်ပိုးခဲ့သူမှန်သမျှကို ထိုက်တန်စွာ အသိအမှတ်ပြုဂုဏ်ပြုသည့်အနေဖြင့် ဘွဲ့ထူး၊ ဂုဏ်ထူး၊ ဆုတံဆိပ်များကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်က ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း။

မြန်မာနိုင်ငံအတွင်း လက်ရှိကျင့်သုံးနေသည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမို ကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို ဦးတည်ချီတက်နေချိန်တွင် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်အကြောင်း ကိုလည်းအနည်းငယ် မှာကြားလိုကြောင်း။ ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ၎င်းတို့အား ကိုယ်စားပြုသူများကို ကိုယ်တိုင်ရွေးချယ်ပေးပြီး အုပ်ချုပ်စေသည့်စနစ်ပင် ဖြစ်ကြောင်း။ ဖက်ဒရယ်စနစ် ဆိုသည်မှာ မတူကွဲပြားနေသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင် လူမျိုးများ၊ လူမျိုးစုများ စုစည်းလုပ်ကိုင်ရာတွင် လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်းနှင့် မျှဝေခံစားခြင်းပင်ဖြစ်ကြောင်း။

ထို့ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် လို့ဆိုရာတွင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူတို့က ၎င်းတို့ရွေးချယ်ပေးခဲ့သည့် အုပ်ချုပ်ရေးစနစ်၌ ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူများအတူတကွ ပေါင်းစည်းနေထိုင်သည့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိစေသည့်စနစ်ပင်ဖြစ်ကြောင်း။

မိမိတို့အားလုံးသည် မြန်မာဆိုသည့်ပုံရိပ်ကို စွဲထင်ကျန်ရစ်အောင် ဆောင်ရွက် နေခြင်းဖြစ်သည့်အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကို စုစည်းညီညွတ်မှုစွမ်းပကားနှင့် တည်ဆောက်သွားကြရမှာဖြစ်ကြောင်း။ ထို့ကြောင့် အနာဂတ်ကာလတွင် တိုင်းပြည်တာဝန်များကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ရမည့်သူများဖြစ်သည့်အတွက် ကျင့်သုံးနေသည့် နိုင်ငံရေးစနစ်ကို သိရှိနားလည်ရန်လိုကြောင်း။

ကမ္ဘာ့နိုင်ငံအသီးသီးသည် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့်ကာကွယ်ရေးစသည့် ကဏ္ဍတိုင်းတွင် မိမိနိုင်ငံနှင့်သင့်လျော်သည့်စနစ်တစ်ခုချမှတ်လျှောက်လှမ်းနေကြပြီး မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နိုင်မှသာ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း။ ပြည်သူကိုအခြေပြုထားသည့် ဒီမိုကရေစီစနစ်တွင် ပြည်တွင်းငြိမ်းချမ်းရေးသည် အဓိကလိုအပ်ချက်ပင်ဖြစ်ကြောင်း။ ဒီမိုကရေစီဆိုသည်မှာ ပြည်သူတစ်ရပ်လုံး ပါဝင်ဖော်ဆောင်ရခြင်းဖြစ်ခြင်းကြောင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးသည် အရေးကြီးပြီး ထိုသို့ဆောင်ရွက်ရန်အတွက် ကြိုးပမ်းရာတွင်နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပူးပေါင်း ပါဝင်ကြရန် လိုကြောင်း။

နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို အသက်၊ သွေး၊ ချွေးတွေပေးဆပ်ပြီး ထမ်းဆောင်နေသည့် တပ်မတော်သားများသည် ငြိမ်းချမ်းရေးကို အလိုလားဆုံး ဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မူဝါဒ(၆)ရပ်ကို အတိအလင်းချပြခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း(၂၁)ကြိမ် ထုတ်ပြန်ခဲ့ပြီး ထပ်မံ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်ထိ ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်လာချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၁ နှစ်တာကာလ ထပ်မံတိုးမြှင့်ရပ်စဲပေးထားမှုတို့ကို ကြည့်ခြင်း အားဖြင့် တပ်မတော်၏ ငြိမ်းချမ်းရေးအပေါ် အလေးထားဆောင်ရွက်နေမှုကိုတွေ့မြင် နိုင်မှာဖြစ်ကြောင်း။

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တွေ့ဆုံဆွေးနွေးနိုင်ရန် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် ဖိတ်ခေါ်ကမ်းလှမ်း ခဲ့ကြောင်း။ ထိုသို့ဖိတ်ခေါ်ခဲ့ရာ ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့တို့က ကိုယ်စားလှယ်များနှင့်တွေ့ဆုံ ဆွေးနွေးလျက်ရှိပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလဒ်များကိုလည်း ဖော်ဆောင်နိုင်ခဲ့ကြောင်း။ NCA ပါ သဘောတူညီချက်များသည် ပြည်ထောင်စုနှင့် တိုင်းရင်းသားအားလုံး၏ အနာဂတ်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေးရှုထားခြင်း ပင်ဖြစ်ကြောင်း။ ထို့ကြောင့် နယ်ချဲ့ကိုလိုနီအင်္ဂလိပ်တို့၏ Divided and Rule အရ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် သဘောထား၊ အမြင်၊ ခံယူချက်၊ ယုံကြည်ချက်များ မတူကွဲပြားနေရမှုများအား ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းတည်ကာ မတူညီသည့် အယူအဆများကို တူညီသည့် ဘုံသဘောထားများနှင့် အမိနိုင်ငံတော်ကြီး စည်ပင်သာယာဝပြောပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး အမြန်ဆုံးဖြစ်ပေါ်လာစေရေး ရိုးသားမှုကိုအခြေခံပြီး အမြန်ဆုံးပေါင်းစည်းနိုင်ကြရန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်နေချိန်တွင် မိမိတို့ ကျရာအခန်းကဏ္ဍက တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း။

ထို့ကြောင့် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေး တာဝန်အဖြစ်ခံယူပြီး ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံတည်ရှိရေးအတွက် လွတ်လပ်ရေးကို တည်တံ့ခိုင်မြဲစေရေးနှင့် ကာကွယ်စောင့်ရှောက်သူများဖြစ်အောင် မိမိကျရာ အခန်းကဏ္ဍကပါဝင်ဆောင်ရွက်သွားကြရန် လိုကြောင်း။

မကြာခင် တာဝန်ကျရာ တပ်ရင်း/ တပ်ဖွဲ့များတွင် စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်များ ထမ်းဆောင်သည့်အခါ သင်ကြားတတ်မြောက်ပြီးသည့် သမားရိုးကျ စစ်နည်းဗျူဟာများ၊ စစ်ကဏ္ဍကြီး ၄ ရပ်နှင့် အထူးစစ်နည်းဗျူဟာများကို တိကျစွာလိုက်နာကျင့်သုံးကြရန် လိုအပ်သည့်အပြင် မိမိတပ်ဖွဲ့ကိုလည်း ထမ်းဆောင်ရမည့် တာဝန်များကို ရှင်းရှင်းလင်းလင်းနှင့် နားလည်အောင် တိုက်ပွဲလုပ်ငန်း စည်းမျဉ်းများအတိုင်း တိကျစွာလိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း။

သမိုင်းကြောင်းနှင့်ယှဉ်သည့် မြန်မာ့တပ်မတော်၏ မွန်မြတ်သော အစဉ်အလာကောင်းများနှင့် အမျိုးသားနိုင်ငံရေးတာဝန် ထမ်းဆောင်မှုများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန်၊ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာစေရန်နှင့် မိမိဘဝတိုးတက်အောင်မြင်ရန်အတွက် ခေါင်းဆောင်မှု အင်္ဂါရပ်(၁၆)ချက်နှင့်အညီ ကျင့်ကြံကြိုးစားလုပ်ဆောင်သွားကြရန်၊ စစ်စည်းကမ်းသည် တပ်မတော်၏ အဓိကကျောရိုးမဏ္ဍိုင် ဖြစ်ခြင်းကြောင့် စစ်ဘက်နယ်ဘက် စည်းကမ်းများကို တိတိကျကျ လိုက်နာပြီး မိမိကိုယ်တိုင်နှင့် တပ်မတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်သူများ ဖြစ်အောင် ကြိုးစားသွားကြရန်၊ တပ်မတော်၏ အဓိကလုပ်ငန်းကြီး(၃)ရပ်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရန် နှင့် လေ့လာဆည်းပူးခဲ့သည့် ပညာရပ်များကိုအခြေခံပြီး ခေတ်နှင့်အညီ ပြောင်းလဲ နေသည့် စစ်နည်းဗျူဟာများနှင့် စစ်ဘက်နည်းပညာများကိုလေ့လာပြီး စဉ်ဆက်မပြတ် လေ့ကျင့်သွားကြရန်။ တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးလုပ်ငန်းများကို ကျစ်လစ် ခိုင်မာအောင် ညီညွတ်မျှတသည့် အုပ်ချုပ်ရေးစနစ်နှင့်မှန်ကန်သော ဆုံးဖြတ်ချက်များချမှတ်၍ ရေပက်မဝင်သော စည်းရုံးရေးဖြစ်အောင် တည်ဆောက်သွားကြရန်၊ “အနာဂတ်၏စစ်ခေါင်းဆောင်” ဆိုသည့်ဆောင်ပုဒ်အတိုင်း တပ်မတော်ကအားကိုးရ သည့် စစ်ဘက်ခေါင်းဆောင်များဖြစ်စေရန်အတွက် ကြုံတွေ့လာနိုင်သည့်မည်သည့် အခက်အခဲများကိုမဆို ရင်ဆိုင်ကျော်လွှားပြီး ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူစိုးဝင်းသည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီမဟာသရေစည်သူ စိုးဝင်းသည် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့နှင့်အတူ ရိပ်သာခန်းမ၌ ထူးချွန်ဆုရ ဗိုလ်လောင်းများအားတွေ့ဆုံ၍ ဂုဏ်ပြု အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်