တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ ဟနွိုင်းမြို့ရှိ အမှတ်(၁)တပ်မကြီး၊ အမှတ်(၃၀၈) တပ်မကွပ်ကဲမှုအောက် အမှတ်(၁၀၂)ယန္တရားတင် ခြေလျင်တပ်ရင်းကြီးသို့ သွားရောက်လေ့လာ 

နေပြည်တော် ၁၈ ဒီဇင်ဘာ 

ဗီယက်နမ် တပ်မတော်စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Gaing ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံတွင် ချစ်ကြည်ရေးခရီး လည်ပတ်ရန်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ နှစ်(၃၀)မြောက် အမျိုးသားကာကွယ်ရေးနေ့နှင့် (၇၅) နှစ်မြောက် ဗီယက်နမ်ပြည်သူ့တပ်မတော် တည်ထောင်သည့်နေ့အခမ်းအနားများသို့ တက်ရောက်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ဗီယက်နမ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။

 

tl1

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် ဗီယက်နမ်နိုင်ငံ၊ နိုဘိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိကြရာ ဗီယက်နမ်ပြည်သူ့တပ်မတော်မှ ဒုတိယစစ်ဦးစီးအရာရှိချုပ် Lieutenant General Ngo Minh Tien ၊ ဗီယက်နမ် နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူး ဒေါ်ဝင်းစန္ဒာဆွေ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် အောင်ဇေယျနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

 

tl2

 

မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့သည် ဟနွိုင်းမြို့ရှိ အမှတ် (၁)တပ်မကြီး၊ အမှတ်(၃၀၈) တပ်မကွပ်ကဲမှုအောက် အမှတ် (၁၀၂)ယန္တရားတင် ခြေလျင်တပ်ရင်းကြီး (102nd Mechanized Infantry Regiment) သို့ သွားရောက်လေ့လာကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား ယန္တရားတင် ခြေလျင်တပ်ရင်းကြီး ဧည့်ခန်းမ၌ တပ်ရင်းမှူးက တပ်ရင်းကြီး၏ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အမှတ် (၃၀၈)တပ်မ တပ်မမှူးတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ကာ တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် တပ်ရင်းကြီးရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လေ့လာကြည့်ရှုကြရာ တပ်မမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့သည်။ 

ဗီယက်နမ်တပ်မတော်အနေဖြင့် တပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုများ စားဝတ်နေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပိုလျှံသည်များကို ပြည်သူလူထုသို့ ရောင်းချပေးလျက်ရှိကြောင်း ကိုလည်း သိရှိရသည်။ ထို့နောက် တပ်ရင်းကြီး၌ အသုံးပြုလျက်ရှိသော တိုက်ယာဉ်ယန္တရားများကို လှည့်လည်ကြည့်ရှု လေ့လာကြရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်ရင်း၏ လေ့ကျင့်ရေးဆိုင်ရာကိစ္စများနှင့် ပတ်သက်၍အသေးစိတ်မေးမြန်းရာ တပ်မမှူးနှင့် တပ်ရင်းမှူးတို့က အပတ်စဉ်လေ့ကျင့်မှု၊ တပ်ရင်းအလိုက်လေ့ကျင့်မှုနှင့် တိုက်ပွဲဝင်အသင့်လေ့ကျင့်မှုများအား ရှင်းလင်းတင်ပြကြသည်။

အမှတ်(၁၀၂)ယန္တရားတင် ခြေလျင်တပ်ရင်းကြီးကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် မျိုးချစ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူအင်အား ၂၀ဝ၀ ဦးခန့်ဖြင့် ဟနွိုင်းမြို့တော်၊ Hoan Kiem ခရိုင်ရှိ To Nhu ပြဇာတ်ရုံအနီး၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တပ်ရင်းကြီး၏ ပထမဆုံးအမည်မှာ Regiment United Area (Interregional Regiment) ဖြစ်ကြောင်း၊ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် စစ်ဘက်ဆိုင်ရာအစည်းအဝေး ဆုံးဖြတ်ချက်များအရ ဟနွိုင်းမြို့တော်၏ တပ်ရင်းကြီးအဖြစ် ပြောင်းလဲခဲ့ကြောင်း၊ ပြင်သစ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တပ်ရင်းကြီးသည် မဟာဗျူဟာတစ်ရပ်အဖြစ် စစ်ဘေးရှောင်ပြည်သူ ၃၈၀ဝ၀ ဦးခန့်အား အောင်မြင်စွာကယ်ဆယ်စောင့် ရှောက်နိုင်ခဲ့ကြောင်း၊ ယင်းသို့ လွတ်မြောက်နယ်မြေသို့ အောင်မြင်စွာ ကယ်ဆယ်ပေးနိုင်ခဲ့သည့်အပြင် နောက်မှ ထပ်ကြပ်လိုက်ပါလာသည့် ပြင်သစ်တပ်ဖွဲ့များအား ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည့်အတွက် အမှတ်(၁၀၂)တပ်ရင်းကြီးသည် Regiment of the Capital အဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်း၊ 

အမှတ်(၁၀၂)တပ်ရင်းကြီးသည် ပြင်သစ် ကိုလိုနီများအား တော်လှန်သည့်ကာလအတွင်း ဒိန်ဗင်ဖူးခံတပ်တိုက်ပွဲအပါအဝင် တိုက်ပွဲကြီး ၁၃ ခုနှင့် အမေရိကန် ခုခံကာကွယ်ရေးစစ်ပွဲတွင် တိုက်ပွဲကြီး ၃ ခုတို့အား ဆင်နွဲခဲ့ကြောင်းနှင့် ၁၉၇၉ ခုနှစ်တွင် အမှတ်(၁၀၂)တပ်ရင်းကြီးအား ယန္တရားတင် ခြေလျင်တပ်ရင်းကြီးအဖြစ် ပြောင်းလဲခဲ့ပြီး သံချပ်ကာလူသယ်ယာဉ်များဖြင့် ဖွဲ့စည်းထားရှိကာ ခြေလျင်တပ်များ၏ ပစ်ခတ်တိုက်ခိုက်မှု ပိုမိုထိရောက်မှုရှိစေရေးအတွက် အထောက်အကူပေးလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

သတင်းစဉ်