၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံအတွင်းရှိ လူဦးရေမှာ ၅၁၃၁၆၇၅၆ ဦးရှိသည့်အနက် အမျိုးသမီးဦးရေသည် ၁၇၀၈၆၁၉၂ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ၅၃ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ရာ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည်။ ကမ္ဘာပေါ်တွင်လည်း ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများ ဖြစ်သည်။ အမျိုးသမီးများ၏ အခွင့်အရေးနှင့် စွမ်းဆောင်နိုင်မှုများကို ပိုမိုအာရုံစိုက်ကြစေရန်နှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို အလေးထားအကောင်အထည်ဖော်နိုင်စေရန် ရည်ရွယ်၍ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” ကို နှစ်စဉ် မတ်လ ၈ ရက်တွင် ကျင်းပရန် ကုလသမဂ္ဂ အဖွဲ့ကြီးက ၁၉၇၅ ခုနှစ်တွင် တရားဝင်အသိအမှတ်ပြုခဲ့သည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို “တန်းတူ အခွင့်အရေးရရှိဖို့၊ အမျိုးသမီးများ စွမ်းရည်မြှင့်တင်စို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျင်းပခဲ့ရာတွင် အမျိုးသမီး ကြီးငယ်များအားလုံးအတွက် အခွင့်အရေးများ တန်းတူညီမျှရရှိရေး၊ စွမ်းဆောင်မှုနှင့် အခွင့်အလမ်းများအတွက် တားဆီးပိတ်ဆို့နေမှုများကို ဖယ်ရှားသွား နိုင်ရန်နှင့် မည်သူမျှ နောက်ကျ ကျန်မနေရစ်စေရန်အတွက် နှိုးဆော်ထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် မြန်မာအမျိုးသမီးများသည် မိသားစုနှင့်ရပ်ရွာလူမှုအဖွဲ့အစည်းအတွင်း၌ရော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများ၌ပါ အမျိုးသားများနှင့် တန်းတူ ဆောင်ရွက်နိုင်ကြသူများဖြစ်ရာ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိနေသည့် အမျိုးသမီးများ၏ အင်အားနှင့် စွမ်းရည်တို့ကို နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်နိုင်စေခြင်းဖြင့် များစွာအကျိုး ဖြစ်ထွန်းနိုင်စေမည်ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ၏ အင်အားကိုရယူရာ၌ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြင့်မားစေရန် မြှင့်တင်ပေးခြင်း၊ အမျိုးသမီးများ၏ အခက်အခဲများကို ဖြေရှင်းပေးခြင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းတို့ဖြင့် ခိုင်မာအားကောင်း လာစေရန် ဆောင်ရွက်ကြရန်လိုသည်။ အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားရေးတွင် အခြေခံအားဖြင့် စာတတ်မြောက်မှုနှုန်းကို ပိုမိုမြင့်မားလာစေရန် မြှင့်တင်ရမည်ဖြစ်သည်။ အာဆီယံဒေသတွင်း အမျိုးသမီး စာတတ်မြောက်နှုန်းသည် ၂၀၂၃ ခုနှစ်တွင် ၉၅ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံတွင် ၈၅ ရာခိုင်နှုန်းဖြစ်ရာ ဆက်လက် မြှင့်တင်သွားရန်လိုသည်။ အမျိုးသမီးများ အတွက် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်း၊ အတန်းပညာ သင်ယူနိုင်ခြင်း မရှိသည့် အမျိုးသမီးငယ်များ ဘဝရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးနိုင်ရေးတို့ ဆောင်ရွက်ပေးရမည်လည်းဖြစ်သည်။ အမျိုးသမီးများ ကိုယ်ပိုင်စီးပွားရေးကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်ခြင်းမှစ၍ အမျိုးသမီးများ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည်။
မိမိတို့နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့အပါအဝင် နယ်ပယ်စုံကဏ္ဍများစွာတို့တွင် အမျိုးသမီးများ၏အခန်းကဏ္ဍမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက် မြင့်မားလာလျက်ရှိသည်။ အစိုးရဌာနဆိုင်ရာများ၌ အမျိုးသမီးများ တာဝန်ထမ်းဆောင် ကြရာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၂ ခုနှစ် ကိန်းဂဏန်း များအရ ညွှန်ကြားရေးမှူးချုပ်အဆင့်တွင် ၂၆ ဒသမ ၂ ရာခိုင်နှုန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်တွင် ၄၃ ဒသမ ၃ ရာခိုင်နှုန်း၊ ညွှန်ကြားရေးမှူးအဆင့်တွင် ၅၂ ဒသမ ၆ ရာခိုင်နှုန်း၊ ဒုတိယ ညွှန်ကြားရေးမှူးအဆင့်တွင် ၅၆ ဒသမ ၆ ရာခိုင်နှုန်း၊ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်တွင် ၅၇ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ သို့ဖြစ်ရာ မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်နှင့် ကျား၊ မရေးရာ တန်းတူညီမျှမှုတို့၏ အခြေအနေကောင်းမွန် မြင့်မားမှုကို တွေ့ရှိနိုင်သည်။ အမျိုးသမီးများ အကြမ်းဖက်မှု ကြုံတွေ့ပါက သတင်းပို့ တိုင်ကြားနိုင်ရန် ၂၄ နာရီ Helpline ဖုန်း “1566” ကို ဖွင့်ထားပေးပြီး လူမှုရေးလိုအပ်ချက်များကို ဝန်ဆောင်ပေးလျက်ရှိသည်။
၁၇ သန်းကျော်ရှိသော မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည် ကို မြင့်မားအောင်မြှင့်တင်ပေးပြီး အမျိုးသမီးများ၏ စွမ်းပကားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်ခွင့် ရရှိရန်လည်း ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး၊ ဘက်စုံကဏ္ဍစုံ စွမ်းရည်ပြည့်ဝရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့်အတူ အဖွဲ့အစည်းများ၊ ပြည်သူများ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရပါမည့်အကြောင်း။
မြန်မာ့အလင်း