တံတားဦးမြို့နယ်၌ မိုးစပါးသီးနှံဧက ( ၁၄၃၇၇ )ကျော် လျာထားစိုက်ပျိုးမည်

တံတားဦး ၊ စက်တင်ဘာ - ၂၂

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင်  စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ်မိုးစပါးသီးနှံဧက (၁၄၃၇၇)ကျော် လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်ထံမှသိရသည် ။

ဒေသခံတောင်သူများ၏ လယ်မြေများမှာ ဆည်ရေသောက်စနစ်နှင့် မိုးကောင်းသောက် စနစ်တို့ဖြင့် စိုက်ပျိုးသော်လည်း မိုးစပါးအချိန်မီ စိုက်ပျိုးပြီးစီးရန်အတွက် ပျိုးထောင်းခြင်း ၊ ရွှေ့ပြောင်း စိုက်ပျိုးခြင်း ၊ အစေ့တိုက်ရိုက်ချမျိုးစေ့စိုက်ပျိုးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး တံတားဦးမြို့နယ် တွင် မိုးစပါးစုစုပေါင်း( ၁၂၄၀၁ )ဧက စိုက်ပျိုးပြီးစီးကြောင်းလည်းသိရသည်။

မျိုးကွဲစပါးများ အနေဖြင့် စိုက်ပျိုးပြီးသည့် ဧကများမှာ မနောသုခ( ၈၆၄၁ ) ဧက ၊ ဧရာမင်း( ၂၆၂၄ )ဧက ၊ ရွှေမနော်  ( ၇၆၂  ) ဧက နှင့် ရွှေသွယ်ရင် ( ၃၆၇ )ဧကတို့စိုက်ပျိုးပြီးပါကြောင်း မိုးစပါးသီးနှံ အထွက်နှုန်းကောင်းမွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မျိုးကောင်းမျိုးသန့်များ ၊ သွင်းအားစုများ ၊ ပိုးမွှားများကျရောက်မှု မရှိရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ မလိုအပ်ဘဲပိုးသတ်ဆေးမသုံးစွဲရေး ၊  သဘာဝမြေဩဇာသုံးစွဲရေး ၊ GAP လက်မှတ်ရရှိရေး ၊ စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များကို အသိပညာပေးဆောင်ရွက်လျက်ရှိသည်။

တံတားဦးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ်မိုးစပါး(    ၁၄၃၇၇  )ဧက ၊ ပဲမျိုးစုံ ( ၂၀၇၀၆   )ဧက ၊ ဆီထွက်သီးနံ (  ၅၄၂၇၇  )ဧက အခြားသီးနှံ ( ၄၉၆၇၃  )ဧက ၊ နှစ်ရှည်ပင် ( ၃၅၁၃  )ဧကနှင့် စုစုပေါင်း  ( ၁၃၃၅၄၆   )လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ရဲတင့်(တံတားဦး)