မန္တလေး ၂၅ ဒီဇင်ဘာ

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ခရီးသွားလာရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် Digital နည်းပညာကိုအသုံးပြု၍ မြန်မာနိုင်ငံ ခရီးသွားမြှင့်တင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ခရီးသွားအထောက်အကူပြု QR Code များထားရှိခြင်းနှင့် Digital Concierge System-Beta Version တပ်ဆင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ တံတားဦးလေဆိပ်၌ ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူတို့က မန္တလေးမြို့ တံတားဦး လေဆိပ်ရှိ Information counter တွင် စတင်အသုံးပြုမည့် ခရီးသွားအထောက်အကူပြု QR-Code စတင်ထားရှိခြင်းနှင့် Digital Concierge-Beta Version စနစ်စတင် အသုံးပြုခြင်း အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လေဆိပ်အတွင်းရှိ QR Code များ တပ်ဆင်ထားရှိသည့် နေရာများတွင် ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ စတင်အသုံးပြုသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီသွားလုပ်ငန်းကော်မတီဝင်များ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုအခါတွင် ခေတ်ရေစီးကြောင်းနှင့်အညီ Digital နည်းပညာကို အသုံးပြု၍ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများကို ယခုနှစ်ဧပြီလမှ စတင်ကာ ဦးစားပေးကဏ္ဍတစ်ရပ်အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များ ပိုမိုပူးပေါင်းလက်တွဲ၍ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်မည့် စနစ်တစ်ခုပေါ်ပေါက်စေရေး၊ ရည်မှန်းထားသည့် ခရီးသွားဈေးကွက်များမှ ခရီးသွားဧည့်သည်များကို ထိရောက်စွာမြှင့်တင် ကြော်ငြာရေးနှင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကို ပိုမိုမြှင့်တင်သည့် လုပ်ငန်းများအား Digital နည်းပညာ အသုံးပြုကာ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသို့လာရောက်သည့် ဧည့်သည်များအနေဖြင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို ထိရောက်မြန်ဆန်လွယ်ကူစွာ ရရှိနိုင်ရန်အတွက် QR code များကို ထားရှိခြင်းဖြင့် ခရီးသွားဧည့်သည်များသည် ဆောင်ရန်ရှောင်ရန်နှင့် သိရှိထားသင့်သည့်အချက်များ၊ ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များကို ဝန်ကြီးဌာန၏ Website မှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနိုင်ပြီး ခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးကို များစွာအထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊

 

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍဆွဲဆောင်မှုများကို ရည်မှန်းခရီးသွားဈေးကွက်များမှ ခရီးသွားဧည့်သည်များ ပိုမိုသိရှိနိုင်စေရေးအတွက် နည်းပညာကိုအသုံးပြု၍ Online Platforms များမှတစ်ဆင့် မြှင့်တင်ကြော်ငြာရေးလုပ်ငန်းများကို မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးဦးတင်လတ်က ဝန်ကြီးဌာနမှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု၊ Digital နည်းပညာကိုအသုံးပြု၍ ခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ဟိုတယ်ဧည့်သည် စာရင်းများကို Online အသုံးပြု ပေးပို့ရေးဆောင်ရွက်မှု၊ ဝန်ကြီးဌာန၏ E-Government စနစ်အသုံးပြု ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဝန်ကြီးဌာနကို Green and Services Ministry ဖြစ်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးသည်။

 

ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ၏ ဟိုတယ်နှင့် တည်းခိုရိပ်သာများ ဆောက်လုပ်ခွင့်ပြုခြင်း၊ လုပ်ငန်းလိုင်စင်ခွင့်ပြုပေးနေမှု၊ ပုဂံဒေသခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများနှင့်တွေ့ဆုံ၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချစွာ သွားလာလည်ပတ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်