တည်ငြိမ်အေးချမ်းမှုဖန်တီး ဖွံ့ဖြိုးတိုးတက်မှုမျှဝေခံစား

 

မြန်မာနိုင်ငံသည် ရေမြေသဘာဝအားဖြင့် ထူးခြားဆန်းကျယ်လှပသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ အထူးသဖြင့် ပြည်နယ်ဒေသများအားလုံးသည် ရေမြေသဘာဝကောင်းမွန်မှုနှင့် တောတောင်ရှုခင်းအလှအပများ တစ်မူထူးခြား ကောင်းမွန်မှုကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် အလားအလာကောင်းများ ပိုင်ဆိုင်ထားသည်။ သို့သော်ဒေသတည်ငြိမ်အေးချမ်းမှုကို ထိခိုက်ဖျက်ဆီးမှုများကြောင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးလျက်ရှိသည်။

ပြည်နယ်ဒေသများသည် အများအားဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နယ်မြေဒေသ ထိစပ်လျက်ရှိသောကြောင့် ကူးသန်းသွားလာမှုနှင့် စီးပွားကုန်သွယ်မှုတို့ကို များစွာအထောက်အကူပြုလျက်ရှိသည်။ ရေမြေသဘာဝ ကောင်းမွန်မှုကြောင့် ကောက်ပဲသီးနှံနှင့် သယံဇာတပစ္စည်းများ အလျှံပယ်ပေါကြွယ်ဝသဖြင့် ဒေသ ထွက်ကုန် ပစ္စည်းများ တိုးတက်ထွက်ရှိရေးကို အလေးထားဆောင်ရွက်ခဲ့သည်။ ဒေသတွင်းအောင်မြင်ဖြစ်ထွန်းသည့် စိုက်ပျိုးသီးနှံများကို ခေတ်မီနည်းစနစ်များ အသုံးပြု၍ ဈေးကွက်ဝင်ထုတ်ကုန်များ ကြိုးပမ်းထုတ်လုပ်ကြရမည် ဖြစ်သည်။ ဒေသတွင်း၌ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပစ္စည်းများကို တိုးတက်ထွက်ရှိအောင် ဆောင်ရွက်၍ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်မည်ဆိုပါက ဒေသဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။

ပြည်နယ်ဒေသများသည် လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်၍ ကြန့်ကြာခက်ခဲမှုများရှိသဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေကြောင်းပို့ဆောင်ရေးကို အဓိကအားပြုနိုင်သဖြင့် ပြည်နယ် ဒေသများရှိ လေဆိပ်များ အဆင့်မြှင့်တင်ရေးကို နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသည်။ ဥပမာအားဖြင့် ကချင်ပြည်နယ် တွင် မြစ်ကြီးနား၊ ပူတာအိုလေဆိပ်၊ ရှမ်းပြည်နယ်တွင် ကျိုင်းတုံ၊ တာချီလိတ်၊ ဟဲဟိုးလေဆိပ်တို့ အဆင့်မြှင့်တင် ဖွံ့ဖြိုးခြင်းဖြင့် ပြည်တွင်း/ပြည်ပ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည် ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများမှ လေကြောင်းခရီးစဉ်ဖြင့် ပြည်ပခရီးသွားများ ဝင်ရောက်နိုင်မည်ဖြစ်သည်။ နယ်မြေဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် လေဆိပ်များအဆင့်မြှင့်တင်နိုင်မှုသည် အဓိကဖြစ်သည်။

မြန်မာနိုင်ငံသည် ရေမြေတောတောင်သဘာဝနှင့် ရှေးဟောင်းအမွေအနှစ်များစွာတို့ကို ပိုင်ဆိုင်ထားပြီးဖြစ်၍ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို ဆောင်ရွက်နိုင်သည်။ သာယာလှပရှုမောဖွယ်ကောင်းသော ပြည်နယ် ဒေသများသို့ ပြည်တွင်း/ ပြည်ပမှခရီးသွားများ လာရောက်လည်ပတ်ခြင်းဖြင့် ဒေသတွင်း ငွေကြေးလည်ပတ် စီးဆင်းမှုပိုမိုဖြစ်ပေါ်စေပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ဒေသတည်ငြိမ်အေးချမ်းရေး၊ သာယာလှပရေး၊ တည်းခိုနေထိုင်ရေး၊ ဒေသထွက် အစားအသောက်များကို အဆင့်မီစွာဖြင့် ဝန်ဆောင်မှု ပေးနိုင်ရေးတို့ကို ဒေသတွင်းနေထိုင်ကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ အတူပူးပေါင်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သည်။

သို့သော် နယ်စပ်ဒေသ ပြည်နယ်ဒေသအချို့သည် ရှေးယခင်က မူးယစ်ဆေးဝါး နှင့်ပတ်သက်၍ နာမည်သတင်း ထွက်ခဲ့ဖူးသည်။ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်ခဲ့ကြသည်။ လက်နက်ကိုင် သောင်းကျန်းသူများနှင့် ပတ်သက်မှုများရှိခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်က မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ခေတ်အဆက်ဆက် အမျိုးသားရေးတာဝန်တစ်ရပ်သတ်မှတ်ပြီး တိုက်ဖျက် တားဆီးနှိမ်နင်းခဲ့သည်။ တရားဥပဒေ စိုးမိုးမှုအားနည်းခြင်းနှင့် နယ်မြေဒေသမတည်ငြိမ်မှုများကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် ရောင်းဝယ် ဖောက်ကားမှုများ အမြစ်ပြတ်မှုမရှိသေးပေ။ လက်ရှိကာလတွင် ဒေသတွင်း၌ မူးယစ်ဆေးဝါး အပါအဝင် တရားမဝင်လုပ်ငန်းများ ဆောင်ရွက်မှုမရှိစေရေး အရှိန်အဟုန်မြှင့်တင်တိုက်ဖျက်လျက်ရှိသည်။ အလားတူ အွန်လိုင်းလောင်းကစားမှုများ နှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကိုလည်း နိုင်ငံတော်အစိုးရက ထိထိ ရောက်ရောက် တိုက်ဖျက်နှိမ်နင်း ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နယ်စပ်ဒေသပြည်နယ်များအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံး မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြဖို့လိုမည် ဖြစ်သည်။ မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးကို တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ကြရန်လိုသည်။ ဒေသတစ်ခု ဖွံ့ဖြိုး တိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုသည် မရှိမဖြစ်လိုအပ်သဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့ဒေသအကျိုးအတွက် လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နယ်စပ်ဒေသပြည်နယ်များအပါအဝင် ဒေသတွင်းရှိကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများအားလုံး နိုင်ငံတော်အစိုးရနှင့်အတူ တက်ညီလက်ညီ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုပါက ဒေသအလိုက် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုများကို မျှဝေ ခံစားနိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ပြည်ထောင်စုကြီးအတွင်း နေထိုင်ကြသူအားလုံး ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။

ကြေးမုံ