တနင်္သာရီတိုင်းဒေသကြီး၊ နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး နှင့် ပိုလီယို ကာကွယ်ဆေး အပိုဆောင်း ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းအသိပေး ဆွေးနွေးပွဲ ထားဝယ်မြို့၌ ကျင်းပ

ထားဝယ်    ၂၂ အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး၊ နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယို ကာကွယ်ဆေး အပိုဆောင်း ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ ထားဝယ်မြို့၊တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မိမိတို့ရင်သွေးငယ်များ၏ ကျန်းမာရေး ပြဿနာများကို ဖြေရှင်းဆောင်ရွက်လျက်ရှိရာ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းကို ဦးစားပေး လုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးကို ကလေးငယ်များ အသက်(၉)လအရွယ်မှာ တစ်ကြိမ် ၊ အသက်(၁၈)လမှာ တစ်ကြိမ် ၊ စုစုပေါင်းကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပေးပြီး ဝက်သက်ရောဂါ ဖြစ်ပွားမှုနှင့် ဝက်သက်ရောဂါ၏ နောက်ဆက်တွဲ ပြင်းထန်ရောဂါများ ဖြစ်ပွားသေဆုံးမှုများ မရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ၏ အသက်(၅)နှစ်အောက် ကလေးများ သေဆုံးမှု လျော့နည်းကျဆင်းရေး  ရည်မှန်းချက် ရောက်ရှိရန် အထောက်အပံ့ပေးခြင်း ၊ မြန်မာနိုင်ငံ၌ (၂၀၂၃) ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကင်းဝေး၍ မွေးရာပါ ဂျိုက်သိုးရောဂါ ကင်းစင် ပပျောက်ရေးရရှိစေရန်နှင့် အသက်(၅)နှစ်အောက် ကလေးသေဆုံးမှုကို ထပ်မံ လျော့ချနိုင်ရန်  အစရှိသည့် အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း ဝက်သက် ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအစု လိုက်ထိုးနှံခြင်းလုပ်ငန်း(၂၀၁၉) အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ ၊ မိတ်ဖက်အဖွဲ့အစည်းများ နှင့် ယခု တက်ရောက်လာသူများအားလုံး ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် လိုကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးမှူးဒေါက်တာထွန်းမင်းက မြန်မာ တစ်နိုင်ငံလုံးရှိ ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း လုပ်ငန်း (၂၀၁၉) အစီအစဉ်ဖြင့် ဝက်သက်နှင့် ဂျိုက်သိုး ရောဂါကာကွယ်ဆေးကို Campaign  အသွင်ဖြင့် ထပ်မံဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အသက်(၉)လမှ (၅)နှစ်ခွဲအရွယ် ကလေးအား ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအစုလိုက် ထိုးနှံမှာဖြစ်ပြီး ပထမအသုတ်အနေဖြင့်ကော့သောင်းမြို့နယ်တွင်  ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ၊ ကျန်ရှိသောမြို့နယ် ၉  မြို့နယ်ကို နိုဝင်ဘာလ ၂၆ ရက် မှ ၂၈ ရက်နေ့အထိ ဒုတိယအသုတ် ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့် (၂)ခုခွဲ၍ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဆွေနွေး ပြောကြားသည်။

 

၁

 

ဆက်လက်၍ ဒေသဆိုင်ရာ ပိုလီယိုပပျောက်ရေးအရာရှိ ဒေါက်တာဝင်းကြူကြူထိုက် က မြန်မာနိုင်ငံအတွင်းရှိ အသက်(၅)နှစ်အောက် ကလေးသေဆုံးမှု ထပ်မံလျော့ချနိုင်ရန် ၊ မြန်မာနိုင်ငံ၌ (၂၀၂၃) ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကင်းဝေး၍ မွေးရာပါ ဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်ရေးရရှိစေရန် စသည့် ဝက်သက်−ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးခြင်းရည်ရွယ်ချက် နှင့် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များအား ရှင်းလင်း ဆွေးနွေးသည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးမှူးနှင့် ဝန်ထမ်းများ ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ လူမှုရေးအဖွဲ့များ ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ထားဝယ်ခရိုင်ပြန်/ဆက်