တနင်္သာရီမြို့နယ် ထိန်ထဲကျေးရွာ၌ မြစ်ရေမှ ရေသန့်စင်စနစ်ဆောင်ရွက်မှု တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

တနင်္သာရီ   ဒီဇင်ဘာ   ၉

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အနောက်မော်တုန်းကျေးရွာအုပ်စု၊ ထိန်ထဲ ကျေးရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ထားသော မြစ်ရေမှ ရေသန့်စင်စနစ် ဆောင်ရွက်မှုကို မြိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး နှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၉ ရက် နံနက် ၈ နာရီခွဲတွင် နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ထိန်ထဲကျေးရွာတွင် တည်ဆောက်ထားသော ရေသန့်စင်စနစ်မှာ တနင်္သာရီမြစ်ရေအား ဂါလန်(၂၄၀၀)ဆံ့ စင်မြင့်ရေကန်တွင် စုဆောင်းပြီး တစ်နာရီလျှင် ရေသန့်(၁၅) ဂါလန် ထွက်ရှိသော ရေသန့်စနစ်(life straw) (၄) ယူနစ်၊ ဂါလန်(၂၀၀)ဆံ့ ရေသန့်သိုလှောင်ကန်တွင် ရေသန့် စုဆောင်းပြီး ပေးဝေသော စနစ်ဖြစ်ကြောင်း၊ တစ်ရက်လျှင် ရေသန့် ဂါလန်(၁၄၄၀) အထိ ထုတ်လုပ်ပေးနိုင်စွမ်း ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် တစ်ရက်လျှင် ရေသန့် ဂါလန် (၄၀၀) ထုတ်ပေးနေပြီး ထိန်ထဲ ကျေးရွာနှင့် အနောက်မော်တုန်းကျေးရွာတို့ရှိ အိမ်ခြေ(၂၇)အိမ်၊ အကျိုးပြုအိမ်ထောင်စု (၃၀)၊ အကျိုးပြု လူဉီးရေ(၁၇၁)ဉီးတို့အားအကျိုးပြုနိုင်သည့်အပြင် ဒေသခံပြည်သူများအနေဖြင့် သောက်ရေသန့်များကို အလွယ်တကူရယူသုံးစွဲလျက်ရှိကြောင်း ခရိုင်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

 

“ရေသန့်စင်စနစ်ဆောင်ရွက်ပေးထားတဲ့ကျေးရွာတွေမှာ ယခင်က မြစ်ရေ၊ ချောင်းရေကို တိုက်ရိုက် ခပ်ယူသောက်သုံးနေရတဲ့အတွက် ရေနောက်ကျိခြင်း၊ ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက် စတဲ့ ရေမသန့် ခြင်းကြောင့် ရောဂါဝေဒနာတွေ ခံစားရတယ်။ အလုပ်အကိုင်ပျက်၊ ဆေးကုသစရိတ်ကုန်၊ အခန့်မသင့်ပါက သေဆုံးခြင်းတွေ ရှိခဲ့ပါတယ်။ အခုလို သန့်စင်ပြီးရေကို သောက်သုံးရခြင်းကြောင့် ရေကြောင့်ဖြစ်ပွားတဲ့ ရောဂါတွေ ဖြစ်ပွားမှုမရှိတော့ဘဲ ကျန်းမာရေးအဆင့်အတန်းမြင့်လာတယ်၊ ဆေး ကုသစရိတ်လျှော့ချနိုင်လို့ လူမှုစီးပွားဘဝများတိုးတက်လာခြင်း စသော အကျိုးကျေးဇူးတွေ ရရှိခံစားနိုင်တယ်” ဟု မြိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ခရိုင်ဉီးစီးမှူး ဉီးအောင်ကျော်ဉီးက ပြောသည်။

 

မြိတ်ခရိုင်အတွင်း ၂၀၂၁-၂၀၂၂ ခုနှစ် (၆လ)ဘဏ္ဍာရေးနှစ်တွင် အလားတူရေသန့်စင်စနစ် (၂) ခုအား တနင်္သာရီမြို့နယ်၊ ရှမ်းအင်းတော်ကျေးရွာနှင့် ရေပူကျေးရွာတို့တွင် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဘဏ္ဍာရေးနှစ်အလိုက် ဆက်လက်တိုးချဲ့ဆောင်ရွက်ပေးသွားရန် လျာထားကြောင်း သိရသည်။

 

မြင့်ဉီး(မြိတ်)