တနင်္သာရီကမ်းရိုးတန်းရေပြင်တွင် ကင်းမွန်ဖမ်းရာသီရောက်ရှိ၍ လုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်

မြိတ် အောက်တိုဘာ   ၂၂

 

တနင်္သာရီကမ်းရိုးတန်းရေပြင်တွင် မိုးတွင်းရာသီကာလ၌ ရပ်နားထားသည့် ကင်းမွန်ဖမ်းဆီးခြင်းလုပ်ငန်း ကို ရာသီဖွင့်ကာလ ရောက်ရှိလာပြီဖြစ်သည့်အတွက် လုပ်ငန်းပြန်လည်လုပ်ကိုင်ရန် ဆောင်ရွက်လျက်ရှိကြ၍ စက်သုံးဆီဈေးနှုန်း မြှင့်တက်မှုကြောင့် အထွက်ကုန်ကျစရိတ်များ ယခင်နှစ်ကထက် ပိုမိုကုန်ကျလျက်ရှိပြီး ကိုဗစ် ကာလဖြစ်သည့်အတွက် ဈေးကွက်အနေဖြင့် ယိုးဒယားဈေးကွက်တစ်ခုသာရှိကြောင်း ကင်းမွန်လုပ်ငန်းရှင်များထံမှ သိရသည်။

 

“ပုံမှန်အတိုင်း သီတင်းကျွတ်ပြီးရင် ရာသီဖွင့်ဆိုသတ်မှတ်ပြီး (၁၀)လပိုင်း လအလယ်ဆို စထွက်ကြပါတယ်။ ကျွန်တော်တို့လုပ်ငန်းမှာ လက်ရှိ ငါးသားရာသီလည်း ဘာမှန်းမသိသေးဘူး။ စထွက်ပြီဆိုရင် အခက်အခဲက အများကြီးပါ။ ဆီဈေးတက်တာက  တကယ့်အခက်အခဲပါ။ ဆီနဲ့ပဲလုပ်ကိုင်နေရတာပါ။  ဒီလုပ်ငန်းက ကျွန်းကို မှီခိုပြီး လုပ်ရတဲ့လုပ်ငန်းဖြစ်ပါတယ်။   ဖမ်းဆီးလုပ်ကိုင်တဲ့ ကင်းမွန်လုပ်ငန်းက ကျွန်းနားကမ်းနားမှာ လုပ်ကိုင်ရ တဲ့လုပ်ငန်း ဖြစ်ပါတယ်။ လှေတွေကလည်း တော်တော်များများ အရွယ်အစားငယ်ကြပါတယ်”ဟု မြိတ် ခရိုင်ကင်းမွန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းထွန်း က ပြောသည်။

 

ကင်းမွန်ဖမ်းလုပ်ငန်းလုပ်ကိုင်ရာတွင် ဒေသခံ ကမ်းဝေးလှေအနေဖြင့် တစ်လလျှင် ကျပ်သိန်း(၁၅၀)နှင့် (၂၀၀)ကြား အထွက်စရိတ်ကုန်ကျပြီး  ကမ်းနီးလှေငယ်အနေဖြင့် သိန်း(၅၀)မှ (၇၀)ကြား အထွက်စရိတ် ကုန်ကျ ကြောင်း၊ ဒီဇယ်ဆီဈေးအနေဖြင့် ယခင်နှစ်ကထက် (၃)ဆခန့် တက်သွားကြောင်း၊ ဈေးကွက်အနေဖြင့် ကိုဗစ် မဖြစ်ခင်ကာလတွင် တရုတ်က မြိတ်ဒေသအထိလာဝယ်ခဲ့ကြပြီး ကိုဗစ်ကာလဖြစ်သည့်အတွက် လာဝယ်ယူမှုမရှိ တော့ကြောင်း၊ လက်ရှိအချိန်တွင် ယိုးဒယားဈေးကွက်တစ်ခုတည်းသာရှိကြောင်း သိရသည်။

 

“မြိတ်ဒေသအနေနဲ့ ကြည့်မယ်ဆိုရင် မောတောင်လမ်းကြောင်းကို ကင်းမွန်မခဲဘဲ အစိမ်းပို့ရရင် ကုန်ကျစရိတ် သာသာမှာပါ။ မောတောင်လမ်းကြောင်းက ကင်းမွန်ကို အစိမ်းပို့ခွင့်မပေးထားဘဲ အေးခဲပြီးမှ ပို့လို့ရပါတယ်။ ခဲပြီးပို့ရခြင်းအားဖြင့် မြိတ်ဒေသမီတာခနဲ့ အေးခဲခ အရမ်းဈေးမြင့်ပါတယ်။ ရန်ကုန်မှာ အေးခဲခ တစ်ကီလို (၁၅၀) လောက်ပဲရှိပြီး မြိတ်မှာတစ်ကီလို(၅၀၀)လောက်ရှိတော့ အေးခဲခ တော်တော်လေးထိပါတယ်။ ဒေသထဲကို နိုင်ငံ ခြားရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတွေဝင်လာရင် ဒေသအတွက် အကျိုးရှိမှာပါ ” ဟု မြိတ်ခရိုင်ကင်းမွန်လုပ်ငန်းရှင်များ အသင်းဒု ဥက္ကဌ  ဦးဝင်းအောင် က ပြောသည်။

 

ကင်းမွန်ဖမ်းဆီးခြင်းကို လုပ်ငန်းသဘောသဘာဝအရ မြန်မာလဆန်းလဆုတ်ရက်များဖြင့် လုပ်ငန်းလုပ်ကိုင် ကြ၍ ကင်းမွန်လှေများက လဆုတ်(၂)ရက်နေ့တွင် လုပ်ငန်းစတင်လုပ်ကိုင်ကြကာ ပင်လယ်ထဲတွင် လုပ်ငန်း လုပ်ကိုင်သည့် ရက်အနေဖြင့် (၂၃)ရက်ခန့်လုပ်ကိုင်ကြပြီး ကမ်းကိုပြန်လည်ဝင်ရောက်ကြကြောင်း၊ တနင်္သာရီ ကမ်းရိုးတန်းရေပြင်တွင် မြိတ်ခရိုင်ကင်းမွန်လုပ်ငန်းရှင်များ အသင်းဝင် ဒေသခံကမ်းဝေး ကင်းမွန်လှေ အစီးရေ (၃၀၀)ခန့်နှင့် ဒေသခံကင်းမွန်လှေငယ်အစီးရေ(၁၀၀၀)ခန့်ဖြင့် ကင်းမွန်ဖမ်းဆီးခြင်းလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြကြောင်း သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )