နေပြည်တော် ဒီဇင်ဘာ ၁၁
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေး ရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လုပ်ငန်းဆပ်ကော်မတီ ၇ ခုတို့မှ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ များမှ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ၊ ပြည်နယ်/ တိုင်းဒေသကြီးအဆင့် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများက အွန်လိုင်းမှတစ်ဆင့် ပါဝင်တက် ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီက ချမှတ်ထားသည့် လမ်းညွှန်ချက်၊ မူဝါဒများနှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက် လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသများတွင် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးအတွက် ခွင့်ပြုဘဏ္ဍာငွေအပေါ် မူတည်၍ လုပ်ငန်းဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများက ကြိုးစားအားထုတ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ထိုသို့ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး တိုင်းဒေသကြီး/ပြည်နယ်အားလုံး အကြားအလပ်မရှိ အချိုးညီမျှတစွာ ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့အစည်းအဝေးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျာထားရန်ပုံငွေများဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို စိစစ်အတည်ပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက လက်ရှိဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်မှု၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လျာထားလုပ်ငန်းများ၊ ရန်ပုံငွေ တိုးမြှင့် လျာထားရသည့် အကြောင်းအရင်းများ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရ သည့် အားသာချက်၊ အားနည်းချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်