နေပြည်တော် ဖေဖော်ဝါရီ ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိရစ္ဆာန်ဆေးပညာသင်ကြားရေးဆိုင်ရာ ရှေးဟောင်းအဆောက်အအုံ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ညစာစားပွဲ ကို ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အဆိုပါ ရှေးဟောင်းအဆောက်အအုံကြီးတွင် ခေတ်အဆက်ဆက် တည်ရှိခဲ့သည့် အဖွဲ့အစည်းများမှ တာဝန်ထမ်းဆောင်ကြသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရာပြည့်အထိမ်းအမှတ်ပြခန်းများကို လိုက်လံကြည့်ရှုအားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နှစ်ပေါင်း (၁၀၀) ကြာမြင့်ခဲ့ပြီဖြစ်သည့် ရှေးဟောင်းအဆောက်အအုံကြီးမှ တိရစ္ဆာန်ဆေးပညာရပ်ကို လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြသော ပုဂ္ဂိုလ်အသီးသီးကို ဂုဏ်ပြုပါကြောင်း၊ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့အုပ်ချုပ်ခဲ့သည့် ၁၈၇၀ ခုနှစ်များမှ အစပြုရောက်ရှိလာခြင်းဟု မှတ်သားရပါကြောင်း၊ အင်္ဂလိပ်စစ် တပ်တွင်ပါလာသည့် မြင်း၊ လားများကို ကုသရန် တိရစ္ဆာန်ဆေးကု ဆရာဝန်တစ်ဦးကို ၁၈၇၄ ခုနှစ်တွင် ခန့်ထားခဲ့ပြီး မြန်မာနိုင်ငံမှ လူငယ်များကို လေ့ကျင့်သင်ကြားပေးကာ “Veterinary Assistant” အဖြစ် ခန့်ထားပေးခဲ့ကြောင်း အင်္ဂလိပ်အစိုးရ၏ နှစ်စဉ်အစီရင်ခံစာများတွင် ဖော်ပြပါရှိကြောင်း၊ မြန်မာနိုင်ငံနှင့် ယခုနှစ် (၁၀၀) ပြည့် တိရစ္ဆာန်ဆေးပညာ သင်ကြားရေးဆိုင်ရာ ရှေးဟောင်းအဆောက်အအုံသည် ဗြိတိသျှအုပ်ချုပ်မှုအောက်ရှိ အိန္ဒိယနိုင်ငံတွင်ရှိသည့် တိရစ္ဆာန်ဆေးပညာ အတတ်သင်ကျောင်း (၃) ခုထဲမှ တစ်ခုဖြစ်ခဲ့ကြောင်း၊ သင်တန်းသားများကို ခေါ်ယူလေ့ကျင့် သင်ကြားပြီး သင်တန်းဆင်းများကို Veterinary Assistant များအဖြစ် ခန့်အပ်ခဲ့ပါကြောင်း၊ ၁၉၈၁ ခုနှစ်မှ စတင်ပြီး တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်ကို လက်ရှိတည်နေရာဖြစ်သည် ရေဆင်းသို့ ပြောင်းရွှေ့ပြီးသည့်နောက် အဆောက်အအုံတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (ရုံးချုပ်) ကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိမြင်တွေ့နေရသည့် ရှေးဟောင်းအဆောက်အအုံကြီးသည် နှစ်ပေါင်း (၁၀၀) အတွင်း ခေတ်အခြေအနေ အမျိုးမျိုးကို ကြုံတွေ့ကျော်ဖြတ်ခဲ့ရသော်လည်း အပျက်အစီး အနည်းဆုံးနှင့် ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်နေခဲ့ခြင်း ဖြစ်သည့်အတွက် လာမည့်နှစ်ပေါင်းများစွာတိုင်အောင် တည်တံ့နိုင်ရန် ဆက်လက်ထိမ်းသိမ်းရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျေးဇူးတင်လွှာနှင့် အမှတ်လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
