နေပြည်တော်၊ စက်တင်ဘာ  ၂၃

ပဲခူးတိုင်းဒေသကြီး   တောင်ငူ မြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများကို ကူညီရေးပစ္စည်းများ လာရောက်လှူဒါန်းရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အကြောင်းကြားရန်အမိန့်ပေး ညွှန်ကြားကြောင်းနှင့် စစ်ရေးတင်းမာနေသော ရေဘေးသင့်ကျေးရွာများကို ကူညီရေးပစ္စည်းများ သွားလှူလျှင် အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူမည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် စွပ်စွဲရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ တောင်ငူမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အလှူရှင်များက ပြင်ဆင်ချက်ပြုတ်လာသော အစားအသောက်များအား ချက်ချင်းစားသုံးခြင်းမပြုဘဲ သိုလှောင်သိမ်းဆည်းထားရှိရာမှ အစာအဆိပ်သင့်ဖြစ်ပွားစေသော ရောဂါပိုးများ ပေါက်ပွားရှင်သန်ကာ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်နေမှုများကြောင့် အလှူရှင်များက လာရောက်လှူဒါန်းရာတွင် မြို့နယ်အလိုက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှိ ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များမှတစ်ဆင့်သာ ပေးပို့လှူဒါန်းခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် အလှူရှင်များသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ တိုက်တွန်းနှိုးဆော် ပန်ကြားထားရှိပြီးဖြစ်ပါကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် နယ်မြေလုံခြုံရေးအခြေအနေအရ စစ်ဆေးဆောင်ရွက်ခြင်းသာရှိပြီး တားဆီးပိတ်ပင်မှုများ မရှိကြောင်း သိရသည်။

ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ များတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာလူမှုကူညီရေး အသင်းအဖွဲ့များနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို တရားမဝင် ပြည်ဖျက်မီဒီယာများက လုံခြုံရေးတာဝန်ရှိသူများအပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် စွပ်စွဲရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်