တောင်ငူခရိုင် အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်း၌ အခြေခံမှသည် အဆင့်မြင့်အထိ တတ်မြောက်နိုင်မည့် စက်ချုပ်သင်တန်းဖွင့်လှစ်

တောင်ငူ ဒီဇင်ဘာ ၂

 

အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင် ရပ်တည်နေထိုင်စေရန် ရည်ရွယ်ကာ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်း၌ အခြေခံမှသည် အဆင့်မြင့်အထိ တတ်ကျွမ်းနိုင်သည့် စက်ချုပ်သင်တန်းကို အပတ်စဉ် တနင်္လာရက်နေ့မှ သောကြာရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ စက်ချုပ်သင်တန်းသို့ မြို့နယ်အတွင်းရှိ စက်ချုပ်ဝါသနာရှင် အမျိုးသမီးငယ် (၃၀) ဦး တက်ရောက်ကြပြီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ နည်းပြဆရာ (၈) ဦးက အဆင့်မြင့်အင်္ကျီ ဒီဇိုင်းအမျိုးမျိုးချုပ်နည်း ၊ မိန်းမဝတ် စတိုင်ပန်ချုပ်နည်း ၊ ရင်ဖုံးပုံစံချုပ်နည်း ၊ ဇာနှစ်ထပ်အင်္ကျီချုပ်နည်း ၊ ရင်ခံချုပ်နည်း ၊ ပုခုံးဒေါက်အင်္ကျီချုပ်နည်း ၊ ကုတ်အင်္ကျီချုပ်နည်း၊ ပွဲတက်ဂါဝန်ချုပ်နည်း ၊ ညဝတ်အင်္ကျီချုပ်နည်း ၊ ထဘီချုပ်နည်း ၊  ကော်လံသင်ခန်းစာအမျိုးမျိုး ၊ နှစ်ထပ်ကော်လံ ၊ ခါးဖြတ်ဆက်သင်ခန်းစာအမျိုးမျိုး ၊ ကိုယ်တိုင်းတွက်နည်း ၊ အခြေခံစက်နင်းနည်းတို့အား အခြေခံမှသည် အဆင့်မြင့်အထိ တတ်ကျွမ်းနိုင်ရန် စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိသည်။

 

တောင်ငူခရိုင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းအနေဖြင့် အဆင့်မြင့် စက်ချုပ်နည်းသင်တန်း အပတ်စဉ် (၃) အား (၄၅) ရက်ကြာ ဖွင့်လှစ်သင်ကြားနိုင်ရန်  ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် လျာထားဆောင်ရွက်ထားကြောင်း သိရှိရပြီး အိမ်တွင်းမှု အတတ်ပညာရပ်များပါ ထည့်သွင်းသင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

 

ဇော်ထက် (တောင်ငူ)