နိုင်ငံတစ်နိုင်ငံဟူသည် ပိုင်နက်နယ်နိမိတ် ယင်းနယ်နိမိတ်အတွင်း နေထိုင်သည့် ပြည်သူများ၊ အုပ်ချုပ်သည့်အစိုးရနှင့် အချုပ်အခြာအာဏာဟူသော ဥပဓိရုပ်‌လေးရပ်နှင့် ပြည့်စုံရန်လိုအပ်သည်။ သို့ရာတွင် ယင်းဥပဓိရုပ် လေးရပ် တွေ့ဆုံရုံမျှသည် မည်ကာမတ္တ  နိုင်ငံမျှသာဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ အလယ်တွင် ထည်ထည်ဝါဝါရပ်တည်နိုင်သည့် နိုင်ငံဖြစ်လာစေရန်အတွက်မူ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးဟူသည့် စွမ်းအားများနှင့်ပြည့်စုံပြီး အင်အားခိုင်မာ‌တောင့်တင်းလာအောင် မိမိနိုင်ငံတွင် ပိုင်ဆိုင်ထားသည့် အရင်းအမြစ်တို့ကို အထိရောက်ဆုံးအသုံးချကာ တည်‌ဆောက်ကြရခြင်း ဖြစ်သည်။

 

ကမ္ဘာ့နိုင်ငံတိုင်းသည် မိမိနိုင်ငံအဓွန့်ရှည်တည်တံ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်တည်ဆောက်နေကြရသည်။ အမျိုးသား အကျိုးစီးပွား ရည်မှန်းချက်ကိုယ်စီဖြင့် နိုင်ငံကို တည်‌ဆောက်ကြရာတွင် အချို့အရေးသာကြ‌သော်လည်း အချို့အရေးမသာ။ အချို့ဖွံ့ဖြိုးတိုးတက် သွားကြသော်လည်း အချို့ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးလှစွာဖြင့် ရုန်းကန် နေကြရဆဲ။ မိမိတို့နိုင်ငံမှာ ဒုတိယအမျိုးအစားတွင်ပါရှိနေရာ  အဓိကအားဖြင့် ပြည်တွင်းရေးပြဿနာများက နိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု မ‌ရအောင် တားဆီးပိတ်ဆို့နေခြင်းကြောင့်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သည့်  နိုင်ငံ တစ်နိုင်ငံဖြစ်‌အောင်  တည်ဆောက်နိုင်ရန်အတွက်  အရင်းအမြစ်များ ပိုင်ဆိုင်ထားပြီး အခွင့်အလမ်းများလည်း ရှိနေပါလျက်နှင့် ပဋိပက္ခများ၊ မတည်ငြိမ်မှုများ ဖြစ်‌ပေါ်နေခြင်းက နိုင်ငံနှင့်လူမျိုးတို့ကို နိမ့်ကျသွားစေသည်။

 

မြန်မာ့တပ်မ‌တော်သည် လွတ်လပ်ရေးကြိုးပမ်းမှုမှ ပေါက်ဖွားလာသည့် တပ်မတော်ဖြစ်ပြီး နိုင်ငံလွတ်လပ်ရေး ရပြီးသည့်နောက်တွင်လည်း သမိုင်း‌ပေးတာဝန်အရ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းနှင့်အတူ ယှဉ်တွဲ၍ပါဝင်နေခဲ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ ပြည်သူက ရွေးကောက်တင်မြှောက်သော အစိုးရများ ၂၀၁၁ ခုနှစ်မှစတင်၍ ပေါ်ပေါက် လာသောအခါ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ လက်ရှိမိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်က နိုင်ငံ့တာဝန်အရပ်ရပ်ကို ဝင်ရောက်ထိန်းသိမ်း ခဲ့ရခြင်းကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု မဆိုနိုင်ဘဲ NLD ပါတီ ဦးဆောင်သည့် အစိုးရလက်ထက်ကပင် အစပျိုးမှုများစွာ ပြုလုပ်ခဲ့ခြင်းမှ စတင်ခဲ့ခြင်းပင်ဖြစ်သည်။

လက်ရှိပြည်တွင်း ဒေသအနှံ့အပြားတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းမှုများမှာ ၎င်းတို့၏အကြမ်းဖက်အဖျက်လုပ်ရပ်များနှင့်  အရပ်ဘက်၊  စစ်ဘက်ရာဇဝတ်မှု အမျိုးမျိုး  ကျူးလွန်မှုများကြောင့် ဒေသခံပြည်သူများက ဆန့်ကျင်လာကြပြီဖြစ်သည်။ ပြည်တွင်း ပြည်ပတွင်  ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်တို့ကြောင့် တော်လှန်ရေး အမည်ခံထားသည့် ယင်းအကြမ်းဖက်အဖွဲ့အစည်းများထံ ထောက်ပံ့ပေးအပ်မှုများ များစွာ လျော့နည်းကျဆင်းသွားခဲ့ရာ လက်နက်ကိုင်ထားသည့် အကြမ်းဖက်အဖွဲ့များအနေဖြင့် ၎င်းတို့ ဆက်လက် ရပ်တည်နိုင်ရေးအတွက် ပြည်သူလူထုအပေါ် ပိုမိုဖိစီးလာခြင်း၊ သယံဇာတခိုးထုတ်မှုများ၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ ပိုမိုပြုလုပ်လာခြင်းတို့ ဖြစ်ပေါ်လာဖွယ်ရာ ရှိသည့်အလျောက် မဖြစ်မနေ နှိမ်နင်းသွားရမည်သာ ဖြစ်သည်။

 

မြန်မာ့တပ်မတော်သည် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်မှစတင်ကာ ပြည်သူနှင့်အတူလက်တွဲ၍ ဖက်ဆစ်ဂျပန်ကို  တော်လှန်တိုက်ခိုက်ခဲ့သည်။ ဖက်ဆစ်လက်အောက်မှလွတ်မြောက်ခဲ့သော ပြည်သူနှင့် တပ်မတော် တစ်သားတည်းဖြစ်ခဲ့သော ထိုနေ့ရက်မှာ ယခုနှစ်ပေါင်း (၈၀) သို့ပင် ရောက်ရှိခဲ့ပြီဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအမြစ်များနှင့်  အလားအလာ ကောင်းများကိုအသုံးချကာ ပြည်သူတစ်ရပ်လုံး လိုလားသည့် လူမှုစီးပွားဘဝ အဆင့်အတန်းတစ်ရပ်သို့ ရောက်ရှိအောင် မြှင့်တင်နိုင်ရန်မှာ နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းဖို့လိုသည်။ တပ်မတော်နှင့် ပြည်သူတစ်စိတ်တည်း  တစ်ဝမ်းတည်းလက်တွဲကာ ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ နိုင်ငံတစ်ဝန်း အေးချမ်းသာယာရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ အမြန်ဆုံး ပြန်လည်‌ရောက်ရှိရေး မဆုတ်မနစ် အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြရပါမည့်အကြောင်း။

 

မြန်မာ့အလင်း