ထိုင်းနိုင်ငံ မြို့တော်ဗန်ကောက်၌ သေနတ်သမားတစ်ဦးက  ဦးတည်ရာမဲ့သေနတ်ပစ်ခတ်ခဲ့ရာ သုံးဦး သေဆုံး

 

ဗန်ကောက်၊ မတ် ၂၃

 

ထိုင်းနိုင်ငံ မြို့တော်ဗန်ကောက် အနောက်တောင်ဘက်ရှိ ပက်ချာဘူရီခရိုင်၌ သေနတ်သမားတစ်ဦးက ဦးတည်ရာမဲ့ သေနတ်ပစ်ခတ်ခဲ့ရာ သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

အသက် ၂၉ နှစ်အရွယ် အမျိုးသားသည် နှစ်ထပ် တိုက်တစ်လုံးပေါ်မှ သေနတ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းပစ်ခတ်မှုကြောင့် ကုန်ပစ္စည်းပို့ဆောင်ရေး ဝန်ထမ်းတစ်ဦးအပါအဝင် သုံးဦးသေနတ်ထိမှန် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။ ထို့ပြင် အနီးဝန်းကျင်ရှိ ပြည်သူအများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အခင်းဖြစ်ပွားပြီးနောက် မကြာမီအချိန်တွင် ထိုင်းအထူးတပ်ဖွဲ့ဝင်များက အဆိုပါအဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့ရာ ၁၅ မိနစ်ကြာ ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားပြီး သေနတ်သမား အမျိုးသား သေနတ်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်

 

သေနတ်သမားသည် မူးယစ်ဆေးဝါးအမှုဖြင့် တရားရုံးတွင် တရားရင်ဆိုင်နေခဲ့ရသူတစ်ဦး ဖြစ်သည်ဟု ရဲအရာရှိများက ဆိုသည်။ စိတ်ဖိစီးမှု များပြီး ယခု သေနတ်ပစ်ခတ်မှုကို ကျူးလွန်ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း ရဲအရာရှိများက မှတ်ချက်ပြု ပြောကြားသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက နိုင်ငံ၏ အရှေ့မြောက်ပိုင်း ပြည်နယ်တစ်ခုတွင် ရဲအရာရှိ ဟောင်းတစ်ဦးက ကလေးထိန်းစင်တာတစ်ခုကို သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ပြီး ဓားဖြင့်တိုက်ခိုက်ခဲ့ရာ ကလေး ၂၄ ဦး အပါအဝင် ၃၆ ဦး သေဆုံးခဲ့သည်။

 

ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် သေနတ်နှင့်ပတ်သက်သည့် သေဆုံးမှု အများဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။

 

ထိုင်းအစိုးရက သေနတ်ကိုင်ဆောင်မှုအပေါ် တင်းကျပ်သော စစ်ဆေးမှုများနှင့် ထိန်းချုပ်မှုများကို စတင်လုပ်ဆောင်လျက် ရှိသော်လည်း ယင်းအစီအမံများ မည်မျှထိရောက်မှုရှိ၊ မရှိဆိုသည်ကိုမူ ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်‌ေ