သတင်းအချက်အလက်မျှဝေရေးနှင့် စာပေလောကဖွံ့ဖြိုးရေးကို ရှေးရှုဆောင်ရွက်သွားမည့် ပြန်ကြားရေးဝန်ကြီးဌာန

သွန်းဝဿန်

ဓါတ်ပုံ မေဦးမိုး

ပြန်ကြားရေးဝန်ကြီးဌာန၏ တစ်နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နိုင်မှုများကို သိရှိနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်အားတွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့အဓိကလုပ်ငန်းဆောင်တာတွေကို ပြောပြပေးစေလို ပါတယ်ရှင့်။

ဖြေ။ ။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့အဓိကလုပ်ငန်းများကို အတိုဆုံးချုပ်ပြီး ပြောရမယ်ဆိုရင် အစိုးရနဲ့ပြည်သူအကြား ဆက်သွယ်ပေါင်းကူးပေးနေတာဖြစ်ပါတယ်။ အစိုးရများအနေနဲ့ တိုင်းပြည်အတွက် မိမိတို့ ဘာတွေဆောင်ရွက်နေပါတယ်ဆိုတာကို ပုံမှန်အစီရင်ခံဖို့ တာဝန်ရှိပါတယ်။ ဒီတာဝန်ကို ပြန်ကြားရေးဝန်ကြီးဌာနက မိမိမှာရှိတဲ့ ရုပ်သံမီဒီယာ၊ပုံနှိပ်မီဒီယာနဲ့ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေတဲ့ ပြည်သူ့ဆက်ဆံရေးဌာနတွေက ဆောင်ရွက်ပေးရပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ ကို အစိုးရရဲ့လုပ်ငန်းဆောင်ရွက်ချက်တွေအပေါ်အစီရင်ခံတဲ့နည်းတူ အခြားလုပ်ဆောင်ချက်တစ်ခု ကတော့ အများပြည်သူရော၊ အစိုးရတာဝန်ရှိသူများအတွက်ပါ သတင်းအချက်အလက်တွေပြည့်စုံစွာရရှိဖို့ တင်ပြပေးခြင်းဖြစ်ပါတယ်။

ျိျိ

မေး။ ။ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်းမှာပြည်သူနဲ့ အစိုးရအကြား ဘယ်လိုပေါင်းကူး

ဆောင်ရွက်ပေးနိုင်ခဲ့တယ်ဆိုတာလည်း သိချင်ပါတယ်ရှင့်။

ဖြေ။ ။ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့အကြောင်းခြင်းရာများ၊ အဖြစ်အပျက်များ၊ တိုင်းပြည်နဲ့ဆက်စပ်နေသော နိုင်ငံတကာမှာဖြစ်ပျက်နေတဲ့အကြောင်းခြင်းရာ အဖြစ်အပျက်များ ဒါတွေကို အများပြည်သူသိအောင် ပြည့်စုံစွာ စီစဉ်တင်ဆက်ပေးနိုင်ခဲ့ပါတယ်။ ဒီတာဝန်ဟာပြန်ကြားရေးဝန်ကြီးဌာနရဲ့ အဓိကတာဝန်တစ်ရပ် ဖြစ်ပါတယ်။ဒီတာဝန်နဲ့ပတ်သက်ပြီးတော့ ပိုပြီးထင်ရှားအောင် ဥပမာအနေနဲ့ပြောရမယ်ဆိုရင် အခုတင်ဆက်နေတဲ့ အစိုးရရဲ့ တစ်နှစ်တာဆောင်ရွက်မှုများအစီအစဉ်ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ရုပ်သံကနေ ရိုက်ကူး တင်ဆက်ပြသပါတယ်။ နေ့စဉ်ထုတ်သတင်းစာတွေကနေလည်း အထူးအစီအစဉ်စာမျက်နှာတွေအနေနဲ့ တင်ဆက်ဖော်ပြတာရှိပါတယ်။ ပြီးရင်ဒါတွေအားလုံးစုပေါင်းပြီး မှတ်တမ်းစာအုပ်ကြီး ထုတ်ဖို့ရှိပါတယ်။ ဒီအစီအစဉ်ထဲမှာ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် စတဲ့ ဥပဒေပြုရေးမဏ္ဍိုင်က အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။ ထို့အတူ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ ဝန်ကြီးဌာနအသီးသီး ပါဝင်ပါတယ်။

ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့စတဲ့ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့များ၊ တရားစီရင်ရေးမဏ္ဍိုင်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပါအဝင် အဖွဲ့အစည်းများက ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း မိမိတို့ဆောင်ရွက်ခဲ့တာတွေကို အများပြည်သူကို အစီရင်ခံဖို့ရှိပါတယ်။ ဒါတွေအစီရင်ခံပြီးတဲ့နောက်မှာ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ စောစောကပြောတဲ့ဝန်ကြီးဌာနတွေအလိုက်မဟုတ်ဘဲနဲ့ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်းမှာ ဒီပေါ်လစီတွေအားလုံးစုပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးမှာ ဖြစ်ပေါ်စေခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုများအကြောင်းကိုစုစည်းတင်ဆက်သွားဖို့လည်း ရှိပါတယ်။တင်ပြချက်တွေအားလုံးပေါင်းပြီး စုစည်းလိုက်တဲ့အခါကျတော့ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်းမှာ လက်ရှိအစိုးရရဲ့ ဆောင်ရွက်ခဲ့ပုံများဟာ သမိုင်းမှတ်တမ်းဖြစ်သွားပါလိမ့်မယ်။ဒီလိုမှတ်တမ်းတင်ခြင်းဟာ ကျွန်တော်တို့ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းတာဝန်များထဲက တစ်ခုဖြစ်ပါတယ်။

 

်ိနအ

မေး။ ။ ဝန်ကြီးဌာနအောက်က ဌာနတွေအကြောင်းနဲ့ လုပ်ဆောင်ချက်တွေကိုလည်း ရှင်းပြပေးပါဦး။

ဖြေ။ ။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့လက်အောက်မှာ လုပ်ငန်းဌာနအဖွဲ့အစည်း အသီးသီးရှိပါတယ်။ ထိုအထဲက ဝန်ကြီးရုံးအဖွဲ့ကို ချန်လှပ်ပြီးပြောရမယ်ဆိုရင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) ရှိပါတယ်။နောက်တစ်ခုက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဖြစ်ပါတယ်။ အမြို့မြို့အနယ်နယ်မှာ စာကြည့်တိုက်တွေနဲ့ ပြည်သူ့ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ဆောင်ရွက်နေတဲ့ဌာနဖြစ်ပါတယ်။ အဲဒီနောက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနရှိပါတယ်။ အဲဒီဌာနကတော့ ကျောင်းသုံးစာအုပ်တွေ၊ နိုင်ငံတော်ပြန်တမ်းတွေအပါအဝင် အစိုးရစာရွက်စာတမ်းတွေ ပုံနှိပ်ထုတ်ဝေနေတဲ့ ဌာနဖြစ်ပါတယ်။ အဲဒီဌာနအောက်မှာပဲ အများသိကြတဲ့ စာပေဗိမာန်ဆိုတဲ့ အဖွဲ့ကြီးလည်းရှိပါတယ်။ နောက်ဆုံးတစ်ခုကတော့ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းဖြစ်ပါတယ်။ ကြေးမုံ၊ မြန်မာ့အလင်းနဲ့ Global News Light of Myanmar သတင်းစာတွေ ထုတ်ဝေနေတဲ့ဌာနဖြစ်ပါတယ်။

မေး။ ။ ပြန်ကြားရေးဝန်ကြီးဌာနက ပြည်သူနဲ့ အစိုးရအကြား အပြန်အလှန်ပေါင်းကူးပေးနေတဲ့ ဌာနတစ်ခုဖြစ်တဲ့အပြင်အခြား ဘယ်ကဏ္ဍတွေကိုရော တာဝန်ယူထား ရပါသလဲ။

ဖြေ။ ။အများပြည်သူက ပြန်ကြားရေးလို့ ဆိုလိုက်ရင် ရေဒီယို၊ ရုပ်သံနဲ့ သတင်းစာတွေလို့ပဲ မြင်ကြပါတယ်။ အများပြည်သူကိုသတင်းအချက်အလက်တွေ ပေးခြင်းအပြင် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အရေးကြီးတဲ့အခြားကဏ္ဍတစ်ရပ်ကိုလည်း ထမ်းဆောင်နေတာရှိပါတယ်။ အဲဒါက အများပြည်သူတို့ အသိပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံမှာစာအုပ်စာပေများ ထွန်းကားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။ အဲဒီကဏ္ဍနဲ့ပတ်သက်ပြီး တစ်နှစ်တာအတွင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ စာပေလှုပ်ရှားမှုအစီအစဉ်တွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဥပမာအားဖြင့်ပြောရရင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနကနေ ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနဲ့ မိုးရာသီစာအုပ်ဈေးရောင်းပွဲတော်၊ ခေတ်ပြိုင်သမိုင်းဆိုင်ရာ စာပေစာတမ်းဖတ်ပွဲနဲ့ ဆောင်းရာသီစာအုပ်ဈေးရောင်းပွဲတော်စတာတွေရှိပါတယ်။ လာမယ့် မကြာခင်ကာလအတွင်းမှာ ဘာသာပြန်စာပေဆိုင်ရာ ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲတွေ ကျင်းပပေးသွားဖို့ရှိပါတယ်။ စာအုပ်ဈေးရောင်းပွဲတော်တွေကို စာတမ်းဖတ်ပွဲတွေနဲ့ ပူးတွဲပြီးတော့ ဆောင်ရွက်ပေးနေရာကနေ အဆင့်မြှင့်တဲ့အနေနဲ့ စာတမ်းဖတ်ပွဲတွေ ကျင်းပလေ့ရှိတဲ့ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနရုံးတည်ရှိရာ ရန်ကုန်မြို့ သိမ်ဖြူလမ်းကို စာအုပ်လမ်းအဖြစ် မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။ ဒါက စာအုပ်စာပေထွန်း ကားရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်တစ်ခု ဖြစ်ပါတယ်။ တစ်ဖက်မှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကလည်း စာပေဖွံ့ဖြိုးရေးအတွက် ကလေးစာပေပွဲတော်တစ်ရပ်ကို အမြို့မြို့အနယ်နယ်မှာ ဆက်တိုက်စီစဉ်ကျင်းပနေတာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းက နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ များမကြာခင်ကာလက မန္တလေးမှာ ကျင်းပခဲ့ပါတယ်။ အခု မော်လမြိုင်မှာ ကျင်းပလျက်ရှိပါတယ်။ နေပြည်တော်မှာ ကျင်းပစဉ်က ပြန်ကြားရေးဝန်ကြီးဌာနတစ်ခုတည်းကဦးစီးပြီး ကျင်းပခဲ့ပေမယ့် မန္တလေးမှာ ကျင်းပတဲ့အခါကျတော့ ပြန်ကြားရေးဝန်ကြီးဌာနအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ပါ ပူးတွဲကျင်းပနိုင်ခဲ့ပါတယ်။ မော်လမြိုင်မှာ ကျင်းပနေတဲ့ ကလေးစာပေ ပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့အတူပညာရေးဝန်ကြီးဌာနနဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။

 

‌ေ်‌ေိ‌ေိ

မေး။ ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ စာပေဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရောရှိပါသလား။

ဖြေ။ ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့စာပေဖွံ့ဖြိုးတိုးတက်ဖို့ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေ ဆောင်ရွက်တဲ့နေရာမှာ စောစောက ပြောသလို ဝန်ကြီးဌာနများ၊ ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့များနဲ့ ပူးတွဲလုပ်ဆောင်မှုတွေရှိတဲ့အပြင် အခြားသော ပုဂ္ဂလိကအဖွဲ့အစည်းများ၊ တစ်ဦးချင်းသော စေတနာရှင်များ၊ ပုဂ္ဂိုလ်များနဲ့လည်း ပူးတွဲလုပ်ဆောင်နေတာတွေ ရှိပါတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် ထွန်းဖောင်ဒေးရှင်းနဲ့ စာပေဗိမာန်အဖွဲ့တို့ ပူးတွဲအကောင်အထည်ဖော်ဖို့စီစဉ်နေတဲ့ မြန်မာ့စွယ်စုံကျမ်း ပုံနှိပ်ထုတ်ဝေဖို့အစီအစဉ် ဖြစ်ပါတယ်။ မြန်မာ့စွယ်စုံကျမ်းဟာ မြန်မာနိုင်ငံအတွက် အင်မတန်ဂုဏ်ယူဖွယ်ရာ ကျမ်း တစ်စောင်ဖြစ်ပါတယ်။ ဒီကျမ်းကြီးကို ၁၉၅၄ ခုနှစ်က စတင်ပြုစုပုံနှိပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် အင်မတန်မှ ခေတ်နောက်ကျနေပြီ ဖြစ်ပါတယ်။ အဲဒီစွယ်စုံကျမ်းကြီးကို ခေတ်မီတဲ့ စွယ်စုံကျမ်းကြီးဖြစ်အောင် ပြန်လည် ပြင်ဆင်ဖြည့်စွက်တည်းဖြတ်ပြီး ခေတ်မီတဲ့စွယ်စုံကျမ်းကြီးအဖြစ် ထုတ်ဝေနိုင်အောင် ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းတာဝန်များကို မိမိတို့ဘာသာဆောင်ရွက်သလို အခြားသော စာပေဖွံ့ဖြိုးရေးအပိုင်းမှာဆိုရင် စာပေဖွံ့ဖြိုးရေးကိစ္စကိုစိတ်အားထက်သန်သော၊ စေတနာရှိသောအဖွဲ့အစည်းများ၊ တစ်ဦးချင်းပညာရှင်ပုဂ္ဂိုလ်များနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရှိတယ်ဆိုတဲ့အကြောင်း ပြောကြားလိုပါတယ်။

 

ိ််ိ

ကလေးစာဖတ်ခန်းများ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာကြည့်တိုက်များကို Community Center များအဖြစ်ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ အကူအညီကိုရယူကာ ပြောင်းလဲနိုင်ခဲ့ပြီး ခရိုင်နှင့် မြို့နယ် ၁၃၃ ရုံးတွင် ကလေးစာဖတ်ခန်းများကို ထားရှိကာ တစ်နှစ်တာအတွင်း ကလေးငယ်များအတွက် ဟောပြောပွဲ ၅၁ ကြိမ်၊ ပုံပြင်ပြောပြိုင်ပွဲ ၂၀၇ ကြိမ်၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ၄၈ ကြိမ်၊ စာစီစာကုံးပြိုင်ပွဲ ၂၀ ကြိမ်၊ စာဖတ်ဝိုင်းများကို ၂၂၂ ကြိမ်အထိ ကျင်းပနိုင်ခဲ့သည်။

အသိပညာပေးမှု

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများကိုသုံးစွဲခြင်းဖြင့် လူ့ပတ်ဝန်းကျင်တစ်ခုလုံး ထိခိုက်ကြရပြီး မိမိဘဝနစ်မွန်းစေမည့် အသိပညာပေးမှုအဖြစ် သူငယ်ချင်းသုံးယောက်ရှိလေသည် ဗီဒီယိုဇာတ်ကားကိုလည်းကောင်း၊ လောကနီတိသင်ခန်းစာများကို ပြည်သူများ သတိပွားများနိုင်စေရေးအတွက် အမှိုက်ကစ ဗီဒီယိုဇာတ်ကားကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရေးနှင့် ကာကွယ်စောင့်ရှောက်တတ်စေရေးအတွက် စူပါမင်းလည်းမကယ်နိုင် ဗီဒီယိုဇာတ်ကားကိုလည်းကောင်း ရိုက်ကူးတင်ဆက်ခဲ့သည်။

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာပြီး ခေတ်စနစ်နှင့် ဒီမိုကရေစီကျင့်စဉ် နည်းလမ်း­ကောင်းများကို ပြည်သူများ သိရှိနားလည်သဘောပေါက်စေရန်အတွက်လည်း ဟိုဘက်အိမ်က မီးထိန်ထိန် ရုပ်မြင်သံကြားဇာတ်လမ်းကိုလည်း ရိုက်ကူးတင်ဆက်နိုင်ခဲ့ကြောင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တစ်နှစ်တာအတွင်း နိုင်ငံတော်အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အချက်အလက်များကို ခေါင်းစဉ်ခွဲခြား၍ သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲများမှ ရရှိသည့်စာတမ်းများကို စုစည်းကာ ၂၀၁၆ ခုနှစ် မြန်မာ့ရေးရာ အမှတ် (၁)နှင့် ၂၀၁၇ ခုနှစ် မြန်မာ့ရေးရာ အမှတ် (၂)တို့ကို ထုတ်ဝေနိုင်ခဲ့သည်။

ခေတ်နှင့်အညီပြောင်းလဲခဲ့အစိုးရသစ်တာဝန်ယူပြီးသည့် တစ်နှစ်တာအတွင်း ပြည်သူ့အကျိုးပြု မီဒီယာဖြစ်သည်နှင့်အညီ မီဒီယာသမားများ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ၊ လုပ်ငန်းကျွမ်းကျင်မှုများ ပိုမိုစနစ်ကျနစေရန်အတွက်နိုင်ငံတကာမီဒီယာများမှ ပညာရှင်များကိုဖိတ်ခေါ်ကာ ပူးတွဲလုပ်ဆောင်ခြင်း၊ သင်တန်းများ ပို့ချစေခြင်းနှင့် ပြည်ပသို့ လေ့လာရေးများ၊ ပညာသင်ကြားရေးများ၊ ဆွေးနွေးပွဲများ စေလွှတ်ကာ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်မှ ဝန်ထမ်းများ၏ကျွမ်းကျင်မှုအဆင့်ကို မြှင့်တင်လျက်ရှိသည်။ ရိုက်ကူးထုတ်လုပ်မှု၊ အနုပညာဖန်တီးမှု၊ နည်းပညာအသုံးပြုမှု၊ တည်းဖြတ်မှုနှင့် သတင်းရယူမှုတို့တွင် မူလထက်ပိုမိုကောင်းမွန်သည့် တင်ဆက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်အောက် ဝန်ထမ်းများမှာလည်းနည်းပညာ၊ စာပေဖွံ့ဖြိုးရေးနှင့် ဆက်ဆံရေး၊အချက်အလက်နှင့် မှတ်တမ်းများ သိမ်းဆည်းရေးနှင့် မှတ်တမ်းများ စုဆောင်းရယူမှုဆိုင်ရာလေ့ကျင့်မှုများကို ပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။ သတင်းစာတိုက်များကိုလည်း Newsroom အဆင့်မြှင့်တင်ခြင်း၊ သတင်းထောက်များနှင့်အယ်ဒီတာများ၊ ဖြန့်ချိမှုစနစ်များ စသည့်လူ့စွမ်းအားအရင်းအမြစ်များနှင့် အခြေခံအဆောက်အအုံများ၏ အရည်အသွေးကိုမြှင့်တင်ပေးနိုင်ခဲ့ပြီး ဘက်မလိုက်မျှတသည့်ပြည်သူ့မီဒီယာများ၊ ပြည်သူ့ဆက်ဆံရေးဌာနများအဖြစ် ပြုပြင်ပြောင်းလဲလျက်ရှိသည်။ ရန်ကုန်မြို့က စာအုပ်လမ်းပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် စာပေလုပ်ငန်းများ၊ နိုင်ငံတော်ပြန်တမ်းများ ပုံနှိပ်ထုတ်လုပ်ဖြန့်ချိခြင်း၊ ပညာရေးဝန်ကြီးဌာနမှ အပ်နှံသည့် အခြေခံပညာ ကျောင်းသုံးဖတ်စာအုပ်များ ပုံနှိပ်ပေးခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အပ်နှံသည့် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော ဆန္ဒမဲလက်မှတ်များကို ရိုက်နှိပ်ပေးခြင်းများ အဓိကဆောင်ရွက်နေသည့် ဦးစီးဌာနတစ်ခုလည်း ဖြစ်သည်။

စာတမ်းဖတ်ပွဲများနှင့်တွဲဖက်၍ စာအုပ်ဈေးပွဲတော်များကျင်းပလေ့ရှိသည့် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနရုံး ရန်ကုန်မြို့ သိမ်ဖြူလမ်းမကြီးအား စာအုပ်လမ်းအဖြစ် မြှင့်တင်ပေးနိုင်ခဲ့သည်မှာလည်း ပြန်ကြားရေးဝန်ကြီးဌာန၏ တစ်နှစ်တာအတွင်း အောင်မြင်မှုများအနက်မှ တစ်ခုဖြစ်သည်။

 

‌ေ်‌ေိ်‌ေိ

နေ့စဉ်နှင့်အမျှ

မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာကြီးများသည် အစိုးရသစ်စတင်တာဝန်ယူသည့်နေ့မှစတင်ကာ မိဘပြည်သူများအတွက် အသိပညာပေးဝေရေး၊ ဖျော်ဖြေရေး၊ ပြန်ကြားပေးရေး၊ သတင်းထုတ်ပြန်ပေးရေးနှင့် ဆွဲဆောင်မှုရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းစာမျက်နှာများဖြစ်လာစေရေး နေ့စဉ်နှင့်အမျှကြိုးပမ်းနေကြပြီး မွန်ဘာသာ၊ စကောကရင်ဘာသာ၊ ပိုးကရင်ဘာသာ၊ ပအိုဝ်းဘာသာတို့ဖြင့်လည်းကောင်း၊ မန္တလေးသတင်း၊ဆောင်းပါးများအတွက် မန္တလေးစာမျက်နှာကိုလည်းကောင်း အပတ်စဉ်ထုတ်ဝေကာသတင်းစာများအတွင်း ဖော်ပြလျက်ရှိသည်။

ဝန်ဆောင်မှုပေးနိုင်

နိုင်ငံပိုင်သတင်းစာများသည် နိုင်ငံအတွင်း စောင်ရေရိုက်နှိပ်မှုအများဆုံးသတင်းစာများဖြစ်ခြင်းနှင့် ပြည်သူလူထုယုံကြည်အားကိုးလာခြင်း စသည့်အချက်များကြောင့်ကြော်ငြာထည့်ဝင်မှုများပြားသဖြင့် သတင်းစာတစ်စောင်၏ အမှန်တကယ်ထုတ်လုပ်မှုစရိတ်ကို တွက်ချက်ပါက တစ်စောင်လျှင် အကြမ်းဖျင်းငွေကျပ် ၁၅၀ ကျော် ကုန်ကျသော်လည်းပင်ရင်းဈေး ငွေကျပ် ၅၀ ဖြင့် ဝန်ဆောင်မှုပေးနိုင်သည့်အပြင် နိုင်ငံ့ဘဏ္ဍာအတွက် အမြတ်ငွေများစွာကို ရှာဖွေပေးနိုင်ခဲ့သည်။မျိုးဆက်သစ်ရင်ပြင်ကဏ္ဍကို ကြေးမုံသတင်းစာတွင် အပတ်စဉ်ဖော်ပြပေးလျက်ရှိပြီး ကလေးများအတွက် မြန်မာ့အလင်းနှင့်ကြေးမုံတို့တွင်ပါရှိသည့် အပတ်စဉ် ဆန်းဒေးကာတွန်း အစီအစဉ်ကြောင့်လည်း ကလေးငယ်များအတွက် စာဖတ်ရှိန်မြှင့်တင်ပေးနိုင်ခဲ့ပြီး အနုပညာစွမ်းအား၊ စိတ်ဓာတ်နှင့်စာရိတ္တသတ္တိများကိုပါ ပေးဝေနိုင်ခဲ့သည်။

 

‌ေိ်‌ေိ

ဝေဖန်ထောက်ပြနိုင်

မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ပြည်သူ့သဘောထားစင်မြင့်၊ ထင်သာမြင်သာပြုပြင်စရာ၊ စာတည်းထံပေးစာ စသည့်ကဏ္ဍများကို ထည့်သွင်းဖော်ပြလျက်ရှိခြင်း ကြောင့် ပြည်သူများအတွက် ခံစားချက်များ၊ အခက်အခဲများ၊ စိုးရိမ်ပူပန်မှုများ၊ ပြုပြင်ဆောင်ရွက်စေလိုမှုများကို အစိုးရထံ အပြုသဘောဆောင်သည့် ရေးသားမှုတို့ဖြင့်လွတ်လပ်စွာဖော်ပြနိုင်သကဲ့သို့ အပြုသဘောဖြင့် ဝေဖန်ထောက်ပြနိုင်သည့်အတွက် နေ့စဉ်နှင့်အမျှ တိုက်ရိုက်အကျိုးသက်ရောက်မှုများရှိသည်ကို မြင်တွေ့ရသည်။

တိုင်းရင်းသား ၁၁ ဘာသာ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည်အစိုးရသစ်တစ်နှစ်တာအတွင်း တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းမှ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို မတူညီကွဲပြားသည့် နည်းပညာများ၊ ရိုက်ကူးတင်ဆက်မှုများဖြင့် ထုတ်လွှင့်နိုင်ခဲ့ပြီး ပျောက်ကွယ်လုနီးပါး တိုင်းရင်းသားရိုးရာအသုံးအနှုန်းများ၊ ဘာသာစကားများ၊ ယဉ်ကျေးမှုများကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။ တစ်နှစ်တာကာလအတွင်း တိုင်းရင်းသားဘာသာ ၁၁ ဘာသာ၏ နယ်သတင်းဌာနခွဲ ၁၁ ခုမှပေးပို့သည့် ဒေသသတင်းများကိုရန်ကုန်၊ နေပြည်တော်၊ မန္တလေး စသည့်သတင်းဌာနခွဲများမှ သတင်းများဖြင့် ပေါင်းစပ်ကာ သတင်းပေးပို့သည့်စနစ်ကိုလည်းအဆင့်မီအောင် ပြောင်းလဲနိုင်ခဲ့ကြောင်းပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ သိရသည်။

ဒစ်ဂျစ်တယ်အသွင်ပြောင်းမည်

ပြောင်းလဲလာသည့် ဒီမိုကရေစီနိုင်ငံတော်ဖြစ်သည်နှင့်အညီ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို Analogue Switch off လုပ်ငန်းစဉ်အတွက် လိုအပ်သည့် ထပ်ဆင့်လွှင့်စက်များ၊ ရေဒီယိုလှိုင်းလွှင့်စက်များ တိုးချဲ့နိုင်ရေးပြင်ဆင်လျက်ရှိခြင်းကြောင့် မကြာမီအချိန်အတွင်း ဒစ်ဂျစ်တယ်ရုပ်မြင်သံကြားထုတ်လွှင့်ခြင်းနှင့် ဒစ်ဂျစ်တယ်ရေဒီယိုထုတ်လွှင့်မှုသစ်များဖြင့် စတင်နိုင်တော့မည်ဖြစ်သည်။

မြင့်မားလာခဲ့သည့် သတင်းအချက်အလက် နည်းပညာများအရ ပြည်သူများအွန်လိုင်းမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီသတင်းအချက်အလက်များ ရယူနိုင်ရေးကိုရှေးရှုကာ ဒစ်ဂျစ်တယ်သတင်းစာအဖြစ်တိုးမြှင့်ထုတ်လွှင့်နိုင်ရန် ဆောင်ရွက်နေပြီဖြစ်သည်။

မေး။ ။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ရှေ့ဆက်သွားမယ့်မူဝါဒနဲ့ ဆောင်ရွက်မယ့်အခြေအနေကိုလည်း ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ ပြန်ကြားရေးဝန်ကြီးဌာနဟာအစိုးရနဲ့ ပြည်သူအကြား ပေါင်းကူးဆောင်ရွက်ပေးတဲ့ ဌာနတစ်ခုဖြစ်ပါတယ်။ ဒီလိုပေါင်းကူးဆက်သွယ်နိုင်ဖို့အတွက် သတင်းအချက်အလက်များကို အများသိအောင် တင်ဆက်ပေးတဲ့အစီအစဉ်များကိုလည်းကျွန်တော်တို့ အဓိကဆောင်ရွက်ရပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်ပြောခဲ့တဲ့အတိုင်းအများပြည်သူတို့ အသိပညာပြည့်ဝရေးအတွက်နဲ့ စာပေလောကတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ိတ်